ဗန် က ပန်တိုဂျာကို ဒုတိယအကြိမ် ထပ်မံအနိုင်ရပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့

ဒီကနေ့ ကျင်းပခဲ့တဲ့ UFC 331 ပြိုင်ပွဲမှာ မြန်မာနိုင်ငံသား ဖလိုင်းဝိတ်လက်ရှိချန်ပီယံ ဂျော့ရှူဝါဗန်က အရင်ချန်ပီယံဟောင်းဖြစ်တဲ့ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲစဥ်ရဲ့ နောက်ဆုံးအချီဖြစ်တဲ့ ငါးချီမြောက်မှာ ဗန်က ချုပ်ကွက် ၊ လက်သီးထိုးချက်အားကောင်းကောင်း နဲ့ အလဲထိုး အနိုင်ရဖို့လုပ်ခဲ့ပေမယ့် အချိန်ပြည့်သွားလို့ ဒိုင်အဆုံးအဖြတ် အမှတ်နဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက်မှာ ပန်တိုဂျာက ဗန်ကို လှဲချပြီး ချုပ်ဖို့ကြိုးစားခဲ့ပေမယ့် ဗန်က ရုန်းထွက်နိုင်ခဲ့သလို လက်သီးတွဲဆိုင်းတွေနဲ့တန်ပြန်ခုခံခဲ့တဲ့အပြင် ချုပ်ကွက်တွေပါအသုံးပြုခဲ့ပါတယ်။

" ငါးချီလုံးက ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာ ။ အင်တာနက်မကောင်းတော့ ကြည့်ရတာက တငင်ငင်နဲ့ ။ ဘာပဲ ဖြစ်ဖြစ်နိုင်သွားတာ တကယ့်ကို အတိုင်းမသိဝမ်းသာတာပေါ့ဗျာ။ အမှတ်နဲ့မဟုတ်ဘဲ ဆက်ထိုးခွင့်ရှိသေးရင် အလဲထိုးရှုံးမှာပဲ။ " လို့ ဗန် ရဲ့ မြန်မာပရိတ်သတ် ကပြောပါတယ်။

ဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပခဲ့ UFC 323 ပြိုင်ပွဲမှာ ပန်တိုဂျာကို ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာသူ ဖြစ်ပါတယ်။

အခုဒီကနေ့ ကျင်းပတဲ့ ပွဲစဥ်ကတော့ ဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မကျေပွဲအဖြစ် ဒုတိယအကြိမ် ထပ်မံထိုးသတ်ခဲ့တာဖြစ်ပြီး ဗန်ကပဲ ထပ်မံအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မေလမှာကျင်းပခဲ့တဲ့ UFC 328 ပြိုင်ပွဲမှာလည်း ဗန်က ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို ငါးချီမြောက်မှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂျော့ရှူဝါဗန်ဟာ UFC သမိုင်းမှာ အသက် ၂၄ နှစ်နဲ့ ချန်ပီယံဖြစ်လာတဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ချန်ပီယံ တယောက်လည်း ဖြစ်ပါတယ်။

image