အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ အားကစားနည်း (၅) မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မယ်
ဂျန်ပန်နိုင်ငံတွင် ကျင်းပပြုလုပ်မယ့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ အားကစားနည်း (၅) မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အကြိမ် (၂၀) မြောက် ၂၀၂၆ အာရှ အားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံရှိ အီချီနဲ့ နာဂိုယာမြို့တို့တွင် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် ဘောလုံး၊ တက်ရှ်ဘော၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘား၊ Esports အားကစားနည်း (၅) မျိုးမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားစုစုပေါင်း (၈၄) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ ဘောလုံးအားကစားနည်းတွင် အမျိုးသမီးဘောလုံးအသင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အမျိုးသားဘောလုံးအသင်းမှာမူ ၂၀၂၆ အာရှဖလား ယူ-၂၃ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲမအောင်မြင်ခဲ့သောကြောင့် ဝင်ခွင့်မရခဲ့ကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အုပ်စု ( ၌ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်နေပါတယ်။
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် လေးသင်း သုံးအုပ်စုခွဲကာ စက်တင်ဘာ ၁၄ ရက်ကတည်းက ကျင်းပနေလျက်ရှိပါတယ်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု ( တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (C) တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။
အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
မြန်မာတက်ရှ်ဘောအားကစားအဖွဲ့မှာမူ ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် အမျိုးအစား (၃) မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာတက်ရှ်ဘောအားကစားအဖွဲ့ဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်းနဲ့ အမျိုးသမီးနှစ်ယောက်တွဲ အမျိုးအစားတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်ရန် စက်တင်ဘာ ၁၅ ရက်ကတည်းက ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။
၂၀၂၆ အာရှအားကစားပြိုင်ပွဲမှ တက်ရှ်ဘောအားကစားနည်းကို စက်တင်ဘာ ၁၇ ရက်၊ ပိုက်ကျော်ခြင်းအားကစားနည်းကို စက်တင်ဘာ ၂၀ ရက်၊ ကျွမ်းဘားအားကစား နည်းကိုစက်တင်ဘာ ၂၁ ရက်၊ Esports အားကစားနည်းကို စက်တင်ဘာ ၂၃ ရက်တို့ တွင် ကျင်းပမှာဖြစ်ပါတယ်။