လိုအပ်တဲ့ရလဒ်ရရှိအောင်စွမ်းဆောင်ပြီး နောက်တစ်ဆင့်တက်ရမယ်လို့ ရှမ်းယူနိုက်တက်အသင်း နည်းပြ ဆို

ရှမ်းယူနိုက်တက်အသင်း နည်းပြဖြစ်သူ ဦးအောင်ခိုင်က ဒီညနေ ယှဥ်ပြိုင်ကစားရမယ့် လာအိုကလပ် အီဇရာအသင်းနဲ့ပွဲမှာ လိုအပ်တဲ့ရလဒ်ရရှိအောင်စွမ်းဆောင်ပြီး နောက်တစ်ဆင့်တက်ရမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဦးအောင်ခိုင်က" ကျွန်တော်တို့ လိုအပ်နေတဲ့ ရလဒ် ရရှိအောင် စွမ်းဆောင်ပြီး နောက်တစ်ဆင့် တက်ရောက်ဖို့ ကြိုးစားသွားမှာပါ။ ကစားသမားတွေကလည်း ဒီပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ပရိသတ်တွေ လိုချင်တဲ့ ခြေစွမ်းမျိုးပြသပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ အသင်းရဲ့ အားနည်းချက်တွေကိုလည်း ပြင်ဆင်ထားပါတယ်"ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
ယခု ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲဝင် ရှမ်းယူနိုက်တက်အသင်းဟာ နောက်တစ်ဆင့်တက်ရောက်ရန်အတွက် ဒုတိယအကျော့တွင် လာအိုကလပ် အီဇရာအသင်းကို အနည်းဆုံး နှစ်ဂိုးပြတ် အနိုင်ကစားရန် လိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာအသင်းတို့ဟာ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲဒုတိယအကျော့အဖြစ် ယနေ့ (စက်တင်ဘာ ၁၄) ညနေ (၆) နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ပထမအကျော့အဖြစ် စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လာအိုကလပ် အီဇရာအသင်းကို (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့ပါတယ်။
ဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအောင်မြင်ရန် ယခုဒုတိယအကျော့တွင် လာအိုကလပ် အီဇရာအသင်းကို မဖြစ်မနေ ဂိုးပြတ်အနိုင်ရရှိရန် လိုအပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ဟာ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာ၊ ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါနဲ့ ဘရူနိုင်းကလပ် ကာဆူကအသင်းတို့ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကစားစေပြီး ခြေစစ်ပွဲအောင်အသင်းနှစ်သင်းမှာ အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲနှစ်ကျော့စလုံးကို အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ လက်ခံကျင်းပခွင့် ရရှိထားခြင်းဖြစ်ပါတယ်။
AFF ဟာ ယခုရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း (၁၄) သင်းအား (၇) သင်း (၂) အုပ်စုခွဲကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

image