၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်း စက်တင်ဘာ (၁၄)ရက်မှာ အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမယ်
၂၀၂၆ အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသမီးလက်ရွေးသင်အသင်းဟာ စက်တင်ဘာ (၁၄)ရက်မှာ အာရှအမျိုးသမီးဘောလုံးအင်အားကြီး တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းနဲ့ တောင်ကိုရီးယားအမျိုးသမီးအသင်းတို့ဟာ အုပ်စုပထမပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ (၅)နာရီမှာ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ နန်ဂိုင်းအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရန် ဂျပန်နိုင်ငံသို့ စက်တင်ဘာ ၁၀ ရက်က ထွက်ခွာသွားပြီး အပြီးသတ်ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားခဲ့ပါတယ်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ဟာ ၂၀၂၆ အာရှအားကစား ပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၃ ဦး ရွေးချယ်ခဲ့ပြီး ပြီးခဲ့သည့်သြဂုတ် ၁၇ ရက်ကနေ စတင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။ နည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ် ရွေးချယ်လိုက်တဲ့ အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းမှာ ခင်မာလာထွန်း၊ ဝင်းသိင်္ဂထွန်း၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ မေသက်မွန်မြင့်၊ မေထက်လူ အစရှိတဲ့ ဝါရင့်ကစားသမားဟောင်းများ ပြန်လည်ပါဝင်ခဲ့သလို မျက်နှာသစ်ကစားသမားများဖြစ်တဲ့ ဇွန်သဲဦး၊ ဇင်မာထွေး၊ ဒေစီအောင်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်နေပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း (၁၂)သင်းနဲ့ လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပသွားမှာပါ။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A)မှာ အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု (မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (C)မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။ အုပ်စုတစ်ခုစီကနေ အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ စက်တင်ဘာ (၁၄)ရက်မှာ အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ (၁၇)ရက်မှာ အုပ်စုဒုတိယပွဲအဖြစ် မြောက်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ (၂၁)ရက်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စုအတွင်းမှာ အာရှအမျိုးသမီးဘောလုံးအင်အာကြီး တောင်ကိုရီးယား၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းများကို အနိုင်ရကစားရန် ခက်ခဲနိုင်ပေမဲ့ အုပ်စုတတိယနေရာအတွက် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရအောင်ကစားရမှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းတို့နဲ့ပွဲများမှာ ဂိုးပြတ်မရှုံးနိမ့်ခဲ့ရင် အုပ်စုနောက်ဆုံးပွဲမှာ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်နိုင်မှာပါ။