Fire Dragon ဖလား နိုင်ငံတကာဖူဆယ်ပြိုင်ပွဲမှာ အင်ဒိုနီးရှားကလပ် Black Steel Papua FC အသင်း ဗိုလ်စွဲပြီး ဆုကြေးဒေါ်လာ (၃၅၀၀) ရရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၆ Fire Dragon ဖလား နိုင်ငံတကာဖူဆယ်ပြိုင်ပွဲမှာ အင်ဒိုနီးရှားကလပ် Black Steel Papua FC အသင်း ဗိုလ်စွဲပြီး ဆုကြေးငွေဒေါ်လာ (၃၅၀၀) ရရှိခဲ့ကြောင်း သိရပါတယ်။
ပြိုင်ပွဲဗိုလ်လုပွဲကို မြန်မာကလပ် MIU အသင်းနဲ့ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းတို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ Black Steel Papus အသင်းက (၃-ဝ)ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်စွဲခဲ့တာပါ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နဲ့ သဲသောင်ပြင်ဘောလုံးကော်မတီက ဦးဆောင်ကျင်းပတဲ့ ၂၀၂၆ Fire Dragon ဖလား နိုင်ငံတကာဖူဆယ်ပြိုင်ပွဲကို ပြီးခဲ့တဲ့စက်တင်ဘာ (၆) ရက်ကနေ (၁၂) ရက်အထိ ရန်ကုန်မြို့ရှိ MFF ဖူဆယ်အားကစားရုံမှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဖူဆယ်အသင်း (၅)သင်း၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားကိုယ်စားပြု ဖူဆယ်အသင်း တစ်သင်းစီ၊ စုစုပေါင်း အသင်း (၈)သင်းဖြင့် ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံကိုယ်စားပြုအသင်း (၅)သင်းအဖြစ် MIU၊ YCDC Dream Team၊ YRG၊ M2K၊TG United၊ အင်ဒိုနီးရှားကလပ် Black Steel Papua၊ ထိုင်းကလပ် Black Pearl United၊ ကမ္ဘောဒီးယားကလပ် Lucky FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲဝင်အသင်း (၈)သင်းကို ပထမအဆင့်အနေနဲ့ (၄)သင်း (၂) အုပ်စုခွဲကာ ယှဉ်ပြိုင်ကစားစေပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုအရ အသင်းနှစ်သင်းစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။ ဆီမီးဖိုင်နယ်သို့ အုပ်စု (A)က Black Steel Papua အသင်းနဲ့ YCDC Dream Team အသင်း၊ အုပ်စု (က MIU အသင်းနဲ့ YRG အသင်းတို့ တက်ရောက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ရောက် အသင်း (၄)သင်းထဲမှာ ဖိတ်ကြားခံအသင်း (၃) သင်းထဲကနေ အင်ဒိုနီးရှားကလပ်အသင်း တစ်သင်းသာတက်ရောက်ခဲ့ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားကလပ်အသင်းတို့က အုပ်စုအဆင့်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်မှာ Black Steel Papua အသင်းက YRG အသင်းကို (၄-၁) ဂိုး၊ MIU အသင်းက YCDC Dream Team အသင်းကို (၆-၃) ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းက မြန်မာကလပ် MIU အသင်းကို အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။
ပြိုင်ပွဲအပြီးမှာ ဗိုလ်စွဲသွားတဲ့ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းကို ချန်ပီယံဆုဖလားနဲ့ ဆုကြေးငွေ ဒေါ်လာ (၃၅၀၀)၊ ဒုတိယရ MIU အသင်းကို ဆုကြေးငွေ ဒေါ်လာ (၂၅၀၀)၊ တတိယရ YCdC Dream Team အသင်းကို ဆုကြေးငွေ ဒေါ်လာ (၁၅၀၀)၊ စတုတ္ထရ YRGအသင်းကို ဆုကြေးငွေ ဒေါ်လာ (၁၀၀၀) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ထို့အပြင် ပြိုင်ပွဲတစ်လျှောက် အသန့်ရှင်းဆုံးအသင်းဆုရရှိခဲ့သော MIU အသင်းကို ဆုကြေးငွေ ဒေါ်လာ (၅၀၀)၊ တစ်ဦးချင်းဆုများအတွက် ဆုကြေးငွေ ဒေါ်လာ (၃၀၀) စီလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

image