1 ပတ် - ဘာသာပြန်ပါ။

ရှမ်းယူနိုက်တက်အသင်း ခြေစစ်ပွဲအောင်ရန် လာအိုကလပ် အီဇရာအသင်းကို နှစ်ဂိုးပြတ်ရန်လိုအပ်

ယခု၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲဝင် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ နောက်တစ်ဆင့်တက်ရောက်ရန်အတွက် ဒုတိယအကျော့မှာ လာအိုကလပ် အီဇရာအသင်းကို အနည်းဆုံး နှစ်ဂိုးပြတ် အနိုင်ကစားရန် လိုအပ်မည်ဖြစ်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာအသင်းတို့ဟာ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲဒုတိယအကျော့အဖြစ် စက်တင်ဘာ ၁၄ ရက် ညနေ (၆)နာရီမှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ပထမအကျော့အဖြစ် စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ လာအိုကလပ် အီဇရာအသင်းကို (၂-၃) ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအောင်မြင်ရန် ယခုဒုတိယအကျော့မှာ လာအိုကလပ် အီဇရာအသင်းကို မဖြစ်မနေ ဂိုးပြတ်အနိုင်ရရှိရန် လိုအပ်နေတာပါ။ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)အနေနဲ့ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာ၊ ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါနဲ့ ဘရူနိုင်းကလပ် ကာဆူကအသင်းတို့ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားစေပြီး ခြေစစ်ပွဲအောင်အသင်းနှစ်သင်းမှာ အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရရှိမှာပါ။ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ခြေစစ်ပွဲနှစ်ကျော့စလုံးကို အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ လက်ခံကျင်းပခွင့်ရရှိထားပါတယ်။ AFF ဟာ ယခုရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း (၁၄)သင်းနဲ့ (၇)သင်း (၂) အုပ်စုခွဲကျင်းပသွားမှာပါ။

image