မြန်မာ့လက်ရွေးစင် ငွေခေတ်ကစားသမားဟောင်း ဦးဝင်းအောင် ကွယ်လွန်

မြန်မာ့လက်ရွေးစင်ဘောလုံးသမား ငွေခေတ်ကစားသမားဟောင်း ဦးဝင်းအောင်ဟာ (စက်တင်ဘာ ၁၃) ရက်၊ ညနေ (၄နာရီ မိနစ် ၃၀) နာရီမှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အာယုဆေးရုံမှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။
ဦးဝင်းအောင်ဟာ ကွယ်လွန်ချိန်မှာ အသက် (၆၀)နှစ်ရှိပြီဖြစ်ကြောင်းသိရပြီး အဆုတ်ထဲရေဝင်တဲ့ ရောဂါဝေဒနာနဲ့ စက်တင်ဘာလဆန်းကတည်းက အာယုဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။
ဦးဝင်းအောင်အနေနဲ့ ၁၉၈၉ ခုနှစ်မှာ မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲပေါင်းများစွာ ကစားပေးခဲ့သူဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်၊ (၁၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့တဲ့ ဦးဝင်းအောင်ဟာ မြန်မာအသင်းနဲ့အတူ ငွေတံဆိပ်ဆုရယူပေးခဲ့သူဖြစ်ပြီး ဦးဝင်းအောင်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ဂျပန်နိုင်ငံ၊ ဟီရိုရှိးမားမြို့မှာ ကျင်းပခဲ့တဲ့ ၁၉၉၄ အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ပါဝင်ကစားခဲ့ပြီး ကာတာအသင်းနဲ့ (၂-၂) ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ခေါင်းတိုက်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။
ဦးဝင်းအောင်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ တိုက်ဂါးဖလားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲပေါင်းများစွာကို ယှဉ်ပြိုင်ကစားပေးခဲ့သူဖြစ်ပြီး ဦးဝင်းအောင်ဟာ ပြည်တွင်းကလပ်အသင်းများဖြစ်တဲ့ ဆောက်လုပ်ရေး၊ ဘဏ္ဏာအခွန်အသင်းတွေမှာ ကစားခဲ့ဖူးသလို၊ ပြည်ပကလပ်အသင်းများဖြစ်တဲ့ စင်ကာပူ၊ ထိုင်းကလပ်အသင်းများမှာလည်း သွားရောက်ကစားဖူးခဲ့သူပါ။
အထောင်တိုက်စစ်မှူးနေရာတွင်သာ စွဲမြဲစွာကစားခဲ့သူဖြစ်တဲ့ ဦးဝင်းအောင်ဟာ ခေါင်းတိုက်ဂိုးသွင်းစွမ်းရည်ထူးချွန်မှုကြောင့် မြန်မာဘောလုံးပရိသတ်များရဲ့ အချစ်တော်တစ်ဦးဖြစ်ခဲ့ပါတယ်။

image