စာချုပ်ဖျက်သိမ်းပေးဖို့ ရစ်ချာလီဆန်ရဲ့ တောင်းဆိုမှုကို စပါးအသင်း လက်မခံ
စပါးအသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုကို လက်မခံခဲ့ကြောင်း သိရပါတယ်။
စပါးအသင်းဟာ ရစ်ချာလီဆန်(၂၉ နှစ်)ကို ၂၀၂၂ နွေရာသီမှာ အဲဗာတန်ကနေ ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။
ဒါပေမဲ့ တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုရှိနေတာကြောင့် စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုကို စပါးအသင်းက လက်မခံခြင်းဖြစ်ကြောင်း သိရပါတယ်။
စပါးအသင်းက ရစ်ချာလီဆန်ကို ပရီးမီးယားလိဂ်လူစာရင်းကနေ ချန်လှပ်ထားခဲ့သလို၊ လက်ရှိအချိန်မှာ ယူ-၂၁ အသင်းနဲ့သာ လေ့ကျင့်ဖို့ ညွှန်ကြားထားပါတယ်။
စပါးအသင်းက ရစ်ချာလီဆန်ကို အသင်းမှာ အသုံးပြုဖို့ အစီအစဉ်မရှိတော့ပေမဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀)ဝန်းကျင် ရရှိဖို့ လိုလားနေတာကြောင့် စာချုပ်ကို ဖျက်သိမ်းမပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ရစ်ချာလီဆန်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုထားကြောင်းလည်း သိရပါတယ်။
လက်ရှိအချိန်မှာ ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းက ကြိုးပမ်းနေကြောင်း သိရပါတယ်။