ပိုလန်ကိုတင်ပို့တဲ့ မြန်မာဆန်ဖြူတန်ချိန် ၂၅၀ မှာ ပိုးမွှားအသေနဲ့ ပိုးမွှားအကြွင်းအကျန်တွေ့လို့ စျေးကွက်အတွင်း ရောင်းချခွင့်ပိတ်ခံရ
မြန်မာကနေ ပိုလန်နိုင်ငံကိုတင်ပို့ခဲ့တဲ့ ဆန်ဖြူ တန်ချိန် ၂၅၀ မှာ ပိုးမွှားအသေတွေနဲ့ ပိုးမွှားအကြွင်းအကျန်တွေ တွေ့ရှိတဲ့အတွက် ဈေးကွက်အတွင်း ဖြန့်ချီရောင်းချခွင့်ကို ပိုလန်က ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
ပိုလန်နိုင်ငံ၊ ဂဒန်းစ်ခ်မြို့ (Gdansk) ကို တင်သွင်းလာတဲ့ မြန်မာ့ ဆန်ဖြူတန်ချိန် ၂၅၀ ထဲမှာ တွေ့ရှိခဲ့ရတာဖြစ်ကြောင်း ၊ ဖြန့်ချီရောင်းချခွင့်ပိတ်ဖို့ ပိုလန်နိုင်ငံ စိုက်ပျိုးရေးနှင့် အစားအသောက်အရည်အသွေး စစ်ဆေးရေးအာဏာပိုင်အဖွဲ့ (IJHARS) ဆုံးဖြတ်ချက်ချပြီး စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေး တွေ့ရှိခဲ့တဲ့ ပိုးမွှားအမျိုးအစားနဲ့ပတ်သက်လို့ အသေးစိတ်ဖော်ပြထားတာမျိုးမရှိပေမယ့် IJHARS ရဲ့ဆုံးဖြတ်ချက်က ချက်ခြင်းအကျိုးသက်ရောက်မှုရှိလို့ အဲဒီဆန်တန်တွေဟာ ပိုလန်စျေးကွက်အတွင်း ရောင်းချနိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF မှတာဝန်ရှိသူ တယောက်က "သတင်းမှာ ပါတာ တွေ့ပါတယ်၊ အသေးစိတ် ပြန်လေ့လာရပါဦးမယ်။ ပိုးမွှား အသေတွေ့တာ နဲ့ ဆေး ဓါတ်ကြွင်းတွေ့တာ ကိုပဲ ဖော်ပြထားတာ ဖတ်မိတယ်။ ထိုင်းစပါယ်ဆန် တန် ၄၀ မှာလည်း ယခုဖြစ်စဉ်လို ဖြစ်ကြောင်း အဲ့ဒီသတင်းမှာ တွေ့ရ။ ပိုလန် မှာ သူတို့ရဲ့ဘယ်ကုမ္ပဏီက ရောင်းတာ၊ ဖြန့်တာလဲ။ အဲဒီ ဆန် တွေ ဘယ်အချိန် ထဲက ရောက်နေတာလဲ။အချိန် ဘယ်လောက် ကြာနေပြီလဲ ဆိုတဲ့ အချက်တွေ မတွေ့ရဘူး ။MRF အနေနဲ့ လိုအပ်တဲ့ စုံစမ်းလေ့လာမှု လုပ်ပြီး သတင်းပြန်ထုတ်ပေးပါမယ်။ " လို့ ပြောပါတယ်။
အရင် ဇူလိုင်လကလည်း ထိုင်းနိုင်ငံမှ ပိုလန်ကို တင်သွင်းလာတဲ့ အော်ဂဲနစ်စံပယ်ဆန် တန်ချိန် ၄၀ ကို ထုတ်ကုန်အညွှန်းစာတမ်းများ မှန်ကန်မှုမရှိဘူးဆိုပြီး IJHARS က ပိုလန်ဈေးကွက်အတွင်း ရောင်းချခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
ပိုလန်နိုင်ငံဟာ မြန်မာ့ ဆန်ကို ဝယ်ယူမှုအများဆုံးနိုင်ငံ ၁၀ နိုင်ငံထဲက နိုင်ငံတခုဖြစ်ပြီး ဒီ၂၀၂၆ - ၂၀၂၇ ခုနှစ် ဘဏ္ဍာနှစ် ငါးလအတွင်းမှာဆိုရင် ဆန်တန်ချိန် ၃၀၀၀၀ ကျော်ကို မြန်မာကနေ ဝယ်ယူခဲ့တာကို MRF ရဲ့အချက်အလက်အရ သိရပါတယ်။
" ဆန်ကို ဝယ်လိုအားအကောင်းဆုံးက ဖိလစ်ပိုင် ။ အဲဒီနောက်မှာ ပိုလန်က ဒုတိယအများဆုံးဖြစ်လိုက် ၊ တတိယ ဖြစ်လိုက်ရှိနေတာ။ အခု ဒီရောင်းချခွင့်ပိတ်ခံရတဲ့ တန် ၂၅၀ နဲ့ပတ်သက်လို့ MRF တောင်မသိသေးဘူး ဆိုတော့ ဘယ်လိုဖြစ်လာနိုင်မလဲ မသိနိုင်ဘူး။ ကိုယ့်ဆီကပို့လိုက်တဲ့ဆန်က ပိုးသတ်ဆေးတွေ့တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် နာမည်ပျက်တာပေါ့။ သေချာစနစ်တကျ စစ်ဆေးဖို့တွေလိုနေတဲ့သဘောပဲ ။ " လို့ ဆန်ကုန်သည် တယောက်က ပြောပါတယ်။
ဒီဘဏ္ဍာနှစ်မှာ မြန်မာ့ဆန် ၊ဆန်ကွဲ ပြည်ပကိုဆန်တင်ပို့မှုအနေနဲ့ ကုမ္ပဏီပေါင်း ၅၀ နီးပါးက ပိုလန် ၊ ဖိလစ်ပိုင် ၊ တရုတ် အပါအဝင် ပြည်ပနိုင်ငံတွေကို တန်ချိန် ၈၄၈၂၇၈ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၁ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။