မန္တလေးလေဆိပ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပုံမှန်အတိုင်း ပြန်လည်စတင်
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို မနေ့ စက်တင်ဘာ ၁၁ ရက်၊ ညနေ ၄ နာရီဝန်းကျင်ကနေစပြီး ပုံမှန်အတိုင်း လုပ်ငန်းပြန်လည် လည်ပတ်နေပြီလို့ သိရပါတယ်။
ဒါအပြင် Air Thanlwin လေကြောင်းလိုင်းကလည်း ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) ကို အစားထိုး ပျံသန်းပြေးဆွဲမယ့် ခရီးစဉ်တွေကို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာသာ မူလ သတ်မှတ်ထားတဲ့ ပုံမှန်အချိန်၊ ပုံမှန်ခရီးစဉ်တွေအတိုင်း ပြန်လည် ဝန်ဆောင်မှုပေးမယ်လို့ အသိပေးထားပါတယ်။
“ခရီးစဉ်တွေကို ဒီနေ့ကစပြီး ပုံမှန်အတိုင်း ပြန်ပြေးဆွဲသွားမှာပါ။ ခရီးစဉ်အချိန် အပြောင်းအလဲတွေ ရှိနိုင်တဲ့အတွက် လေယာဉ်လက်မှတ် ဝယ်ယူထားတဲ့ ခရီးသည်တွေအနေနဲ့ ကိုယ်ဝယ်ယူထားတဲ့ လက်မှတ်အရောင်း Agent တွေနဲ့ ပြန်လည်စစ်ဆေးပေးကြဖို့ လိုပါတယ်” လို့ လေဆိပ်နဲ့ နီးစပ်သူက ပြောပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကလည်း ဒီကနေ့ကစပြီး မန္တလေးနဲ့ ဆက်စပ်ပျံသန်းလျက်ရှိတဲ့ ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပြီး မိမိတို့ထုတ်ထားပြီး လက်မှတ်တွေကို မူလအတိုင်း ပြန်လည်ပြင်ဆင်ပြီးဖြစ်လို့ ခရီးသည်တွေအနေနဲ့ ၀င်ရောက် ကြည့်ရှုနိုင်ပြီလို့ ကြေညာထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်သူတယောက်က “အခုလို ပြန်ဖွင့်လိုက်တာ တကယ်ဝမ်းသာတယ်။ ပြင်ဦးလွင်နဲ့ မန္တလေးကို အဆင့်ဆင့်သွားရတာ မသက်သာဘူး။ လိုင်းကားလည်း မရှိတော့ ကားကို စင်းလုံးငှားရတာ” လို့ ပြောပါတယ်။
မန္တလေးလေဆိပ် (တံတားဦး) အနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်၊ မွန်းလွဲ ၂ ဝန်းကျင်က အသေခံဒရုန်းတွေ ကျရောက်ခဲ့တာကြောင့် လေဆိပ်ရဲ့ ခရီးသည်တင် လေကြောင်းတချို့ ယာယီရပ်ထားခဲ့ရတာ ဖြစ်ပါတယ်။
ဒရုန်း တိုက်ခိုက်ခံရပြီးနောက် မန္တလေးလေဆိပ်ကို ဆင်းသက်မယ့် တာချီလိတ်၊ မြစ်ကြီးနား၊ ဟုမ္မလင်း စတဲ့ ပြည်တွင်းလေယာဉ်တွေဟာ ခရီးစဉ်တွေကို နောက်ကြောင်း ပြန်ခေါက်ကာ မူလပျံတက်လာရာ လေဆိပ်တွေမှာ ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
ဒရုန်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အစိုးရက သတင်း ထုတ်ပြန်ထားတာမှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို FPV Suicide Drone ခြောက်စင်းနဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုကို လုံခြုံရေးတပ်ဖွဲ့တွေက ဟန့်တားနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေးအတွက် ဒရုန်းယာဉ်တွေမှာပါရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို စနစ်တကျ သက်မဲ့ ပြုလုပ်နိုင်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ပြည်တွင်း လေကြောင်းလိုင်းတချို့ ယာယီ ရပ်ဆိုင်းခဲ့ရပေမယ့် လူ၊ ယာဉ်နဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။