တရုတ်နယ်စပ် ဘက်မှာ ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ရွှေ အပါအဝင် ပစ္စည်းတွေကို ဒဏ်ကြေး အနေနဲ့ သိမ်းဆည်းခံရ
တရုတ်နယ်စပ် ဘက်မှာ ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ရွှေ အပါအဝင် ပစ္စည်းတွေကို ဒဏ်ကြေး အနေနဲ့ သိမ်းဆည်းခံရကြောင်း ဖမ်းဆီးခံရပြီး မြန်မာဘက် ပြန်လည် ပို့ဆောင်ခံရသူတွေဆီက သိရပါတယ်။
"အမှုပေါ် မူတည်ပြီး ဒဏ်ကြေးငွေက မတူဘူး။ မြန်မာနိုင်ငံသားတွေက ပိုက်ဆံ မပေးနိုင်လို့ ရွှေ၊ ငွေ၊ ဖုန်း တွေသိမ်းတာ။ မှတ်ပုံတင်တွေပါ ပြန်မရဘူး" လို့ မိန်းကလေး တယောက်က ပြောပါတယ်။
ခိုးပေါက်ကနေ ဝင်သူတွေ၊ အထောက် အထားမဲ့ နေထိုင်သူတွေ၊ ပြစ်မှု ကျူးလွန်သူတွေ စသဖြင့် အမှုပေါ် မူတည်ပြီး ဒဏ်ကြေးငွေ မတူဘူးလို့ ဆိုပါတယ်။
"တရုတ် အစိုးရ ဝန်ထမ်းတွေ ဆိုရင်တော့ တရုတ်ငွေ သိန်းရာချီ ဒဏ်ရိုက်တယ်။ မြန်မာနိုင်ငံသား အများစုက ပိုက်ဆံတွေ မပါကြဘူးလေ။ မိသားစုလည်းမရှိကြတော့ ရှိတဲ့ဟာသိမ်းပစ်တာ" လို့ နောက်ထပ် အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
အများစုက မှတ်ပုံတင်လို အရေးကြီးတဲ့အထောက်အထားတွေကို လူပွဲစားတွေက သိမ်းယူလိုက်ပြီး ပြန်မပေးတာလို့ သူက ပြောပါတယ်။
ခိုးပေါက်ကနေ ပွဲစားနဲ့ ညဝင်ရောက်သူတွေနဲ့ တရုတ်မယား အဖြစ် ရောင်းစားဖို့ လိမ်လည် ဖျားယောင်းခံရသူတွေက လက်ရှိ မူဆယ် နယ်စပ်အထိ ပြည်တော်ပြန် အဖြစ်ပြန်လည် ပို့ဆောင်ခံရပေမယ့် မှတ်ပုံတင် မရှိတော့တာကြောင့် နေရပ် ပြန်လို့မရပဲ အခက်ကြုံကာ မူဆယ်မှာ သောင်တင် ဒုက္ခ ရောက်နေကြရတယ်လို့ ဆိုပါတယ်။