ဗလင်စီယာအသင်းအား ပြောဆိုခဲ့မှုအတွက် တစ်သင်းလုံးကို ရိုဒရီ တောင်းပန်လာ

ဘာစီလိုနာကွင်းလယ်ကစားသမားရိုဒရီဟာ လာလီဂါတွင် ရုန်းကန်နေရတဲ့ ဗလင်စီယာအား အလွန်အားနည်းတဲ့အသင်းလို့ ပြောဆိုခဲ့မှုအတွက် တစ်သင်းသားလုံးကို တောင်းပန်မှု ပြုလုပ်လာပါတယ်။
ရိုဒရီဟာ တနင်္ဂနွေနေ့တုန်းက ဗလင်စီယာအား ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် အရန်ခုံမှာ ထိုင်နေစဉ် ဘာစီလိုနာကစားဖော်များဖြစ်ကြတဲ့ ပူကူဘာဆီ၊ ရာဖင်ညာတို့အား ပြောဆိုခဲ့တာ ဖြစ်ပြီး ယင်းအဖြစ်အပျက်အား ရုပ်သံက ရိုက်ကူးမိသွားခဲ့ပါတယ်။
ဗလင်စီယာဟာ အိမ်ကွင်းတွင် ဘာစီလိုနာအား ရှုံးနိမ့်ပြီးနောက် လာလီဂါအဖွင့်ပွဲ ၄ ပွဲလုံး နိုင်ပွဲပျောက်ကာ အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေရပါတယ်။
ရုပ်သံဗီဒီယိဖိုင်တွင် အသံပါဝင်ခြင်း မရှိပေမယ့်လည်း အသက် ၃၀ နှစ်ရှိ မန်စီးတီးစတားဟောင်းရဲ့ နှုတ်ခမ်းလှုပ်ပုံအရ "သူတို့က တော်တော်အားနည်းတယ်။ အလယ်စည်းကိုတောင် မကျော်နိုင်ဘူး"လို့ ပြောခဲ့တယ်လို့ Movistar က ဖော်ပြသွားပါတယ်။
ယင်းနောက်မှာတော့ ပရိသတ်များနှင့် စပိန်မီဒီယာများက ရိုဒရီမှာ ပြိုင်ဘက်အသင်းအပေါ် လေးစားမှု မရှိဆိုပြီး ဝေဖန်မှုများ ပြုလုပ်လာကြပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက ဖီယင်နုအား ၅-၁ ဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာတော့ ရိုဒရီက "ကျွန်တော့်သူငယ်ချင်း၊ ကစားဖော်ဂျိုဆေးဂါယာ(စပိန်နောက်ခံလူနှင့် ဗလင်စီယာအသင်းခေါင်းဆောင်)ကို တောင်းပန်ခဲ့ပြီးပြီ။ တစ်သင်းကိုလည်း တောင်းပန်တယ်။ ဒါက ရိုးရိုးလေး ခံစားချက်တစ်ခုကို ဖွင့်ဟလိုက်ခြင်းသာ ဖြစ်တယ်ဆိုတာ ဗီဒီယိုကို ကြည့်မိသူတိုင်း တွေ့ကြမှာပါ။ ဘယ်သူ့ကိုမှ လောင်ပြောင်လိုစိတ် မရှိပါဘူး။ အသင်းတစ်သင်း အခက်အခဲကြုံနေချိန်မှာ လှောင်ပြောင်လိုတာ မဟုတ်ပါဘူး။ ဒါတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါ။ ကျွန်တော်တို့ အားလုံး ဗလင်စီယာကို လိဂ်မှာထိုက်တန်တဲ့ နေရာတစ်ခုသို့ ရောက်စေချင်ပါတယ်။ ဒီကလပ်က ဒီပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ဒါကို ရိုးရိုးလေးပဲ ပြောချင်ပါတယ်"လို့ ပြောကြားသွားပါတယ်။

image