စာချုပ်ကိစ္စအတွက် စပါးစ်နှင့် ရီချာလီဆင်တို့ သဘောထားကွဲလွဲ

စပါးစ်နှင့် တိုက်စစ်သမားရီချာလီဆင်တို့ဟာ ၉ လကျန် စာချုပ်အတွက် သဘောထားကွဲလွဲမှုများ ဖြစ်နေပါတယ်။
အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တုန်းက အသင်းဟောင်းအဲဗာတန်သို့ ပြောင်းရွှေ့‌ရေး ပျက်ပြယ်ခဲ့တဲ့ အသက် ၂၉ နှစ်ရှိ ဘရာဇီးတိုက်စစ်သမားဟာ လက်ကျန် စာချုပ်အား ဖျက်သိမ်းကာ အခြားကလပ်တစ်ခုသို့ လွတ်လပ်စွာ ပြောင်းရွှေ့လိုနေပါတယ်။
ကလပ်နှင့် ကစားသမားရဲ့အေးဂျင့်များအကြား ပြီးခဲ့တဲ့ ရက်များအတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရာ သဘောထားကွဲလွဲမှုများ ဖြစ်နေပါတယ်။
ရီချာလီဆင်ဘက်က စာချုပ်ကို ဖျက်သိမ်းပြီး ထွက်ခွာလိုနေပေမယ့်လည်း စပါးစ်ကမူ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လိုခြင်း မရှိပါဘူး။
အထူးသဖြင့် စပါးစ်ဟာ ရီချာလီဆင်ရဲ့ စာချုပ်အတွင်းတွင် ၁၂ လသက်တမ်းတိုးနိုင်မယ့်အချက် ပါဝင်နေရာ စာချုပ်ဖျက်သိမ်းပေးလိုခြင်း မရှိပါဘူး။
ရီချာလီဆင်ဟာ အပြောင်းအရွှေ့ဈေးကွက်တွင် အဲဗာတန်သို့ ပြောင်းရေး ပျက်ပြယ်ခဲ့ပြီးနောက် စပါးစ်ရဲ့ ပရီးမီးယားလိဂ်လူစာရင်းမှ ဖယ်ရှားခြင်းခံထားရပါတယ်။
စပါးစ်ဟာ ရီချာလီဆင်ကို ပေါင် ၃၅ သန်းဖြင့် ရောင်းချရန် သဘောတူညီမှု ရခဲ့ပေမယ့်လည်း ကစားသမားမှာ အဲဗာတန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု မရရှိခဲ့ပါဘူး။
ဘရာဇီးကလပ်ဗာစကိုဒဂါးမားကလည်း ရီချာလီဆင်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကစားသမားကလည်း မိခင်နိုင်ငံသို့ ပြန်ရန် စိတ်အားထက်သန်နေပါတယ်။

image