၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Division အတွက် အုပ်စုခွဲဝေမှုကို ဖီဖာအတည်ပြုခဲ့ပြီး မြန်မာအသင်း စက်တင်ဘာ ၂၄ ရက်မှာ တီမောအသင်းနဲ့ စတင်ကစားရမယ်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မယ့် ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Division အတွက် အုပ်စုခွဲဝေမှုကို စက်တင်ဘာ ၉ ရက်က အတည်ပြုထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဖီဖာရဲ့ တရားဝင်သတင်းထုတ်ပြန်မှုအရ အစောပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့တဲ့အတိုင်း အုပ်စုအပြောင်းအလဲများဖြစ်ခဲ့ပြီး ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Division အုပ်စု (A)မှာ အိမ်ရှင်ဟောင်ကောင်၊ လာအို၊ ဘရူနိုင်း၊ အုပ်စု (မှာ မြန်မာ၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့ ကျရောက်ခဲ့ပါတယ်။ ဖီဖာဟာ ပြီးခဲ့တဲ့ဇူလိုင် ၂၉ ရက်က ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Division အုပ်စု (A)မှာ အိမ်ရှင်ဟောင်ကောင်၊ ဘရူနိုင်းအသင်းတို့နဲ့ ကျရောက်ခဲ့ပြီး အုပ်စု (မှာ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်းတို့ ပါဝင်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Division အုပ်စုပွဲများ အဖြစ် စက်တင်ဘာ ၂၄ ရက်မှာ တီမောအသင်း၊ စက်တင်ဘာ ၂၇ ရက်မှာ ကမ္ဘောဒီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။ ဖီဖာဟာ ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲကို အတန်းနှစ်တန်းခွဲ၍ Premier Division နဲ့ Challenge Division အဖြစ် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဖီဖာဟာ Premier Division ကို အင်ဒိုနီးရှားနိုင်ငံနဲ့ Challenge Division ကို ဟောင်ကောင်နိုင်ငံတို့မှာ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားလျက်ရှိကြောင်း သိရပါတယ်။