ဓာတုပစ္စည်းများ ကိုင်တွယ်သုံးစွဲရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အထူးအလေးထားရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကိုင်တွယ်အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health-OSH) ကို အထူးအလေးထား ဆောင်ရွက်ကြရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
စက်တင်ဘာ ၉ ရက်က ကျင်းပသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများ၊ ကိုင်တွယ်အသုံးပြုသူများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ဓာတုပစ္စည်းများ သိုလှောင်ခြင်း၊ ကိုင်တွယ်အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းတို့တွင် လိုက်နာရမည့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နည်းလမ်းများကို သိရှိနားလည်၍ လုပ်ငန်းခွင်၌ လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။
ထို့ပြင် လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းသိရှိ၍ စနစ်တကျ တားဆီးကာကွယ်နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာများ တိုးပွားလာရေးနှင့် လိုက်နာရမည့် အချက်များကို ပြန်လည်အသိပညာပေးနိုင်ရေးတို့အတွက်လည်း ရည်ရွယ်ကြောင်း သိရသည်။