တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် စက်တင်ဘာ ၁၄ ရက်အထိ နေရာကွက်၍ မိုးကြီးနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် စက်တင်ဘာ ၁၄ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းမှ စက်တင်ဘာ ၁၄ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ယင်းဒေသများအနက် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့အပြင် ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလ၏ မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။
မိုးဇလ၏ စက်တင်ဘာ ၁၀ ရက် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်လည်း လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

image