6 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတသည် နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ယာယီနိုင်ငံတော်အကြီးအကဲ ဆမ်ဒက် အက်က မဟာ ဆီနာ ပဒေ တေချို ဟွန်ဆန်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် မဟာ ဘော်ဗော် တိပဒေ ဟွန်မာနက်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။
အဆိုပါ အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရများအကြား၊ လွှတ်တော်များအကြားနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍပေါင်းစုံ၌ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရေးတို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အပြန်အလှန်စိတ်ဝင်စားသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံရှိ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင် (Independence Monument) နှင့် ကွယ်လွန်သူ ဘုရင်ဖခင် နိုရိုဒွန် သီဟာနု၏ တော်ဝင်ရုပ်တု (Royal Statue of the Late King-Father Norodom Sihanouk) တို့၌ လွမ်းသူ့ပန်းခွေချ၍ အလေးပြုမည်ဖြစ်ပြီး အထင်ကရနေရာများနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာများသို့လည်း သွားရောက်လေ့လာမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုနိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား နွေးထွေးသည့် ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်များကို ပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံ၏ ဘုံကတိကဝတ်များကို ထပ်လောင်းအတည်ပြုသည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

image