အုပ်စုအဆင့်က ခက်ခဲမှာဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက် နည်းပြ ဆို
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် အာဂျင်တီးနားလူမျိုး မာဆယ်လိုက အုပ်စုအဆင့်က ခက်ခဲမှာဖြစ်ပြီး ပြိုင်ဘက်အသင်းများကို လေ့လာသွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။
မာဆယ်လိုက "အုပ်စုအဆင့်က ခက်ခဲမှာပါ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတွေက အရမ်းတောင့်တင်းပါတယ်။ ကျွန်တော်တို့က ပုံမှန်အတိုင်းပဲ ပြင်ဆင်သွားမှာပါ။ လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန်ကြိုးစားမယ်။ ကောင်းကောင်းအလုပ်လုပ်မယ်။ ပြိုင်ဘက်အသင်းတွေအကြောင်းကို လေ့လာမယ်။ သူတို့အသင်းတွေရဲ့ကစားထားတဲ့ပွဲတွေကို ဗီဒီယိုပြန်ကြည့်မယ်။ ကျွန်တော်တို့က တစ်ပွဲချင်း ပြင်ဆင်သွားမှာပါ" ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ လာအိုကလပ် အီဇရာအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ ခြေစစ်ပွဲကို အသင်း ၁၈ သင်းနဲ့ ဇုန်နှစ်ဇုန်ခွဲကာ ကျင်းပခဲ့ပါတယ်။
AFC ဟာ အရှေ့ဇုန်တွင် အသင်း ၈ သင်း၊ အနောက်ဇုန်တွင် အသင်း ၁၀ သင်း ခွဲခြားထားပြီး တစ်ကျော့စနစ်ဖြင့် ကျင်းပခဲ့ပါတယ်။
ခြေစစ်ပွဲအဆင့်မှ တက်ရောက်လာမယ့် အသင်း ၉ သင်းက အုပ်စုအဆင့်ပြိုင်ပွဲသို့ တက်ရောက်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ လာအိုကလပ် အီဇရာအသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့လို့ အုပ်စု (D) အတွင်းသို့ ကျရောက်ခဲ့ပါတယ်။
၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စု (D) တွင် အင်ဒိုနီးရှားကလပ် ဘော်နီယို၊ ဖိလစ်ပိုင်ကလပ် ဝမ်းတက်ဂူး၊ တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့ ပါဝင်နေလျက်ရှိပါတယ်။
အုပ်စု (D) ပွဲစဥ်တွေကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ ၁၈ ရက်ကနေ ၂၄ ရက်အထိ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
AFC ဟာ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲကို အသင်း ၂၀ သင်းဖြင့် လေးသင်း ငါးအုပ်စုခွဲကာ ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းဟာ ယင်းပြိုင်ပွဲကို အုပ်စုအဆင့်မှ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့် ရရှိထားပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရာသီ AFC Challenge League ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင်လည်း လာအိုကလပ် အီဇရာအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ယခုရာသီကဲ့သို့ အိမ်ကွင်းကစားခွင့် ရရှိခဲ့သော်လည်း ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ထားခဲ့ဖူးတာကို ယခုအခါ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။