ဗီယက်နမ်-မြန်မာ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်
စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကုမ္ပဏီများ MoU လက်မှတ်ရေးထိုး

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် ဆန်စပါး၊ မျိုးစေ့၊ ဆန်စက်ပစ္စည်း၊ သိုလှောင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများကို စက်တင်ဘာ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Melia Hotel ၌ ကျင်းပသည့် Myanmar-Vietnam Business Forum 2026 တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဖိုရမ်အတွင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က လယ်ယာ၊ သားငါးကဏ္ဍတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အဆိုပြုလုပ်ငန်းများနှင့် ပတ်သက်၍ စာတမ်းတင်ပြဆွေးနွေးခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပြခန်းတွင် မြန်မာ့ပေါ်ဆန်းဆန်နှင့် တန်းမြင့်ဆန်များအပြင် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဖွဲနုဆီထုတ်လုပ်ရေးလုပ်ငန်း၊ ဆန်စက်ပစ္စည်းများ၊ Silo System များ ထုတ်လုပ်တပ်ဆင်အသုံးပြုရေးနှင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါပြခန်းသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကုန်သည်စက်မှုလက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ လာရောက်ကြည့်ရှုခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၏ လမ်းညွှန်အကြံပြုချက်များကို အခြေခံ၍ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား B to B ဆန်စပါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို လုပ်ငန်းနယ်ပယ် ၉ ရပ် သတ်မှတ်ကာ အရှိန်အဟုန်ဖြင့် အထူးဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
အဆိုပါလုပ်ငန်းစဉ်များတွင် ဆန်စပါးမျိုးစေ့ထုတ်လုပ်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာ၊ ဆန်စက်နှင့် အခြောက်ခံစက်များ၊ ဆန်သိုလှောင်ရေးစနစ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်ရေးတို့အပါအဝင် နှစ်နိုင်ငံ၏ အားသာချက်များကို ချိတ်ဆက်အသုံးချနိုင်မည့် လုပ်ငန်းများ ပါဝင်လာမည်ဖြစ်သည်။

image