သင်္ဃန်းဝတ်အယောင်ဆောင် အလှူခံတဲ့အမျိုးသားကို ဖမ်းပြီးတပတ်အကြာမှာ ထောင် ၂ နှစ်ချမှတ်
ပဲခူးတိုင်း ၊အုတ်တွင်းမြို့နယ်မှာ သင်္ဃန်းဝတ်ပြီး ဘုန်းကြီးအယောင်ဆောင်ကာ အလှူခံခဲ့တဲ့ အမျိုးသားကို အုတ်တွင်းမြို့နယ်တရားရုံးက ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ဘုန်းကြီးအယောင်ဆောင်ကာ အလှူခံစားတဲ့အသက် ၄၈ နှစ်အရွယ် ဦးသောင်းရွှေကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ - က နဲ့ ထောင်ဒဏ်ချလိုက်တာဖြစ်ပြီး ဖမ်းဆီးပြီး တပတ်အကြာမှာ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
" ဒီနေ့ ရုံးချိန်းမှာ သက်သေတွေနဲ့ တရားခံကို စစ်ဆေးပြီး မြို့နယ် တရားသူကြီးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါပြီ။ နောက်ပိုင်း အလှူခံလိမ်တွေ ၊ သင်္ကန်းဝတ်နဲ့ မူးရူးနေတာတွေ ၊ အများပြည်သူအမြင်မတင့်အောင် နေအိမ်တွေမှာ သင်္ကန်းဝတ်တွေနဲ့ ရက်ရှည်နေထိုင်နေသူတွေ ၊ မာတုဂါမနဲ့ မသင့်သော နေထိုင်နည်းတွေ အကုန်စိစစ် အရေးယူတော့မှာ ဖြစ်ပါတယ်။ " လို့ အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ရဲ့ တာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိက ပြောပါတယ်။
အဆိုပါ ဘုန်းကြီးအယောင်ဆောင် သင်္ဃန်းဝတ်ပြီး အလှူခံနေသူကို စက်တင်ဘာ ၂ ရက်နေ့က အုတ်တွင်းမြို့စျေးအတွင်း အလှူခံနေတာကြောင့် အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့ရာ ဒိုက်ဦးမြို့နယ် ၊ ကတုတ်ဘုရားကြီးရွာဇာတိဖြစ်ပြီး စစ်တွေမြို့ ခမရ မှစစ်ပြေးမှုနဲ့ ထောင်တနှစ်ကျခံပြီးသူဖြစ်ကြောင်း သိရသလို သာသနာမှတ်ပုံတင်မရှိတဲ့ ရဟန်းတုအယောင်ဆောင် အလှူခံနေသူ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီနေ့မှာပဲ လူဝတ်လဲပြီး အုတ်တွင်းမြို့မ ရဲစခန်းကိုအပ်ကာ သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ - က အရအမှုဖွင့်ခဲ့ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အလားတူ အုတ်တွင်းမြို့နယ်မှာ ရွာစဥ်လှည့်ပြီး အလှူခံစားသောက်တဲ့ လူရှစ်ယောက်အပါ လူလိမ်အဖွဲ့ကို ထောင်ဒဏ်သုံးလ နဲ့ ဒဏ်ငွေ ငါးသောင်းစီ ကျခံဖို့ အုတ်တွင်းမြို့နယ်တရားရုံးက စက်တင်ဘာ ၃ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။
သာသနာကို ခုတုံးလုပ်ပြီး အများပြည်သူကို လိမ်ညာ အလှူခံ စားသောက်နေသူတွေအပေါ် အခုလို တရားဥဒေနဲ့အညီ အရေးယူမှု ပြုလုပ်မှုကို ထောက်ခံကြောင်း ပြည်သူတွေက ဆိုပါတယ်။
ခုနောက်ပိုင်းမှာ သာသနာနဲ့ ကိုက်ညီမှုမရှိတဲ့ သင်္ကန်းဝတ်ပြီး မူးရူးသောက်စားကာ လိုက်လံအလှူခံသူတွေ ၊ ဘယ်ကမှန်းမသိတဲ့ အလှူခံအဖွဲ့တွေ အများအပြား ရှိလာတာကြောင့် သက်ဆိုင်ရာမြို့နယ်အလိုက် ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။