အသင်းခေါင်းဆောင်လိုကာတယ်လီ ၃ လကြာ နားရမှာ ဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရတဲ့ ဂျူဗင်တပ်
ဂျူဗင်တပ်ဟာ အသင်းခေါင်းဆောင်မန်နူရယ်လိုကာတယ်လီမှာ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူလာရမှာ ဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက်ကြုံလာရပါတယ်။
အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ အနည်းဆုံး ၃ လကြာ အနားယူလာရမှာ ဖြစ်ပြီး နည်းပြလူစီယာစပယ်လီမှာ ဒဏ်ရာပြဿနာများကြောင့် ကစားသမားရွေးချယ်ရေး ခေါင်းကိုက်စရာ ကြုံလာရပါတယ်။
ဂျူဗင်တပ်အသင်းခေါင်းဆောင်ဟာ တနင်္ဂနွေနေ့တုန်းက အေစီမီလန်နှင့် သရေကျတဲ့ စီးရီးအေပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
လိုကာတယ်လီရဲ့ဒဏ်ရာအခြေအနေကို နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အစောပိုင်းတုန်းက ထင်မှတ်ထားသည်ထက် ဆိုးရွားနေကြောင်း တွေ့ရပါတယ်။
လိုကာတယ်လီဟာ ဒူးဒဏ်ရာကြောင့် ၃ လကြာ အနားယူလာရမည်ဖြစ်ရာ ဆောင်းရာသီအားလပ်ရက်ကာလတွင်မှ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ ခီဖရန်သူရမ်ကိုလည်း ၂၀၂၇ ခုနှစ် အစောပိုင်းအထိ ဆုံးရှုံးထားရချိန်တွင် လိုကာတယ်လီကိုလည်း ကာလရှည်ကြာ လက်လွှတ်လာရတာပါ။
ဒါ့အပြင် အမေရိကန်လက်ရွေးစင်ဝက်စ်တွန်မက်ကန်နီမှာလည်း ကြွက်သားပင်ပန်းနွမ်းနယ်မှုကြောင့် အနည်းဆုံး ၂ ပွဲ သုံးနိုင်မှာ မဟုတ်သလို နွေရာသီတွင် စပါးစ်မှ ရောက်လာတဲ့ ပါပီဆားမှာလည်း အသေးစားကြွက်သားဒဏ်ရာပြဿနာ ကြုံနေရပါသေးတယ်။