AFC Challenge League ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၈ ရက်တွင် ရန်ကုန်ယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာအသင်း ယှဥ်ပြိုင်ကစားမယ်

၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၈ ရက်တွင် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး စက်တင်ဘာ ၈ ရက်၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ လာအိုကလပ် အီဇရာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ ခြေစစ်ပွဲကို အသင်း ၁၈ သင်းဖြင့် ဇုန် နှစ်ဇုန်ခွဲကာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
AFC ဟာ အရှေ့ဇုန်တွင် အသင်း ၈ သင်း၊ အနောက်ဇုန်တွင် အသင်း ၁၀ သင်း ခွဲခြားထားပြီး တစ်ကျော့စနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲအဆင့်မှ တက်ရောက်လာမယ့် အသင်း ၉ သင်းမှာ အုပ်စုအဆင့်ပြိုင်ပွဲသို့ တက်ရောက်ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိတွင် ခြေစစ်ပွဲ ပွဲစဉ် ၇ ပွဲမှာ ပြီးဆုံးနေပြီဖြစ်ပြီး စက်တင်ဘာ ၈ ရက်တွင် လက်ကျန်၂ ပွဲသာ ဆက်လက်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအဆင့်တွင် လာအိုကလပ် အီဇရာအသင်းကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့မယ်ဆိုပါက အုပ်စု (D) အတွင်းသို့ ကျရောက်မှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စု (D) တွင် အင်ဒိုနီးရှားကလပ် ဘော်နီယို၊ ဖိလစ်ပိုင်ကလပ် ဝမ်းတက်ဂူး၊ တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့ ပါဝင်နေလျက်ရှိပါတယ်။
AFC ဟာ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲကို အသင်း ၂၀ သင်းနဲ့ လေးသင်း ငါးအုပ်စုခွဲကာ ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းဟာ ယင်းပြိုင်ပွဲကို အုပ်စုအဆင့်မှ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့် ရရှိထားပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရာသီ AFC Challenge League ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင်လည်း လာအိုကလပ် အီဇရာအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ယခုရာသီကဲ့သို့ အိမ်ကွင်းကစားခွင့် ရရှိခဲ့သော်လည်း ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ထားခဲ့ဖူးပါတယ်။

image