လာအိုကလပ် အီဇရာနဲ့ပွဲက ခက်ခဲနိုင်ပေမဲ့ အနိုင်ကစားမယ်လို့ ရန်ကုန်ယူနိုက်တက် နည်းပြ ဆို

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် အာဂျင်တီးနားလူမျိုး မာဆယ်လိုက ဒီညနေ လာအိုကလပ် အီဇရာနဲ့ ယှဥ်ပြိုင်ကစားရမယ့်ပွဲက ခက်ခဲနိုင်ပေမဲ့ အနိုင်ကစားသွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။
မာဆယ်လိုက "အီဇရာအသင်းက ပြည်တွင်းရော၊ ပြည်ပမှာပါ အတွေ့အကြုံရှိတဲ့အသင်းပါ။ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တောင့်တင်းတဲ့အသင်းကောင်းပါ။ မနှစ်က ရန်ကုန်အသင်းနဲ့ အိဇရာအသင်း ကစားထားတဲ့ပွဲကို ကျွန်တော် ပြန်ကြည့်ထားပါတယ်။ ပွဲကောင်းတစ်ပွဲပါပဲ။ ဒါပေမဲ့ ဒီနှစ်တော့ ရန်ကုန်အသင်းက ကစားသမားတွေ အပြောင်းအလဲဖြစ်ထားသလို၊ နည်းပြလည်း အပြောင်းအလဲ ဖြစ်ထားပါတယ်။ ဒီပွဲက ခက်ခဲမယ်ဆိုပေမဲ့ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့ အနိုင်ကစားသွားမှာပါ" ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး ဒီညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ လာအိုကလပ် အီဇရာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ ခြေစစ်ပွဲကို အသင်း ၁၈ သင်းဖြင့် ဇုန် နှစ်ဇုန်ခွဲကာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
AFC ဟာ အရှေ့ဇုန်တွင် အသင်း ၈ သင်း၊ အနောက်ဇုန်တွင် အသင်း ၁၀ သင်း ခွဲခြားထားပြီး တစ်ကျော့စနစ်ဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲ အဆင့်မှ တက်ရောက်လာမယ့် အသင်း ၉ သင်းမှာ အုပ်စုအဆင့်ပြိုင်ပွဲသို့ တက်ရောက်ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိတွင် ခြေစစ်ပွဲ ပွဲစဉ် ၇ ပွဲမှာ ပြီးဆုံးနေပြီဖြစ်ပြီး စက်တင်ဘာ ၈ ရက်တွင် လက်ကျန်၂ ပွဲသာ ဆက်လက်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအဆင့်တွင် လာအိုကလပ် အီဇရာအသင်းကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့မယ်ဆိုပါက အုပ်စု (D) အတွင်းသို့ ကျရောက်မှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စု (D) တွင် အင်ဒိုနီးရှားကလပ် ဘော်နီယို၊ ဖိလစ်ပိုင်ကလပ် ဝမ်းတက်ဂူး၊ တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့ ပါဝင်နေလျက်
ရှိပါတယ်။

image