မြစ်ကြီးနားမှာ ဧရာဝတီမြစ်ထဲရေဆင်းကူးတဲ့ ကလေးနှစ်ယောက်ရေနစ်သေဆုံး

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ် ၊ ရွှေစက်ရပ်ကွက်၊ ဧရာ၀တီမြစ်အတွင်းမှာ ကျောင်းနေအရွယ် ကလေးနှစ်ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၆ ရက်နေ့ ၊ နေ့လယ် ၂ နာရီလောက်မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးနှစ်ယောက်ဟာ ဧရာဝတီမြစ်ထဲရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
" ကျောင်းပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေ ရေကူးကြတာမှာ ရေနစ်တာလို့သိရတယ်။အလောင်းတွေ မနေ့ကတည်းက အိမ်ကိုပြန်သယ်လာတယ်။ ကျောင်းတွေမှာ အသိပညာပေးတာ လုပ်ဖို့လိုအပ်နေပြီ။ ကျောင်းပိတ်ရက်ဖြစ်ဖြစ် ရေကန်တွေ မြစ်ထဲ ရေကူးတာ ၊ရေဆော့တာမလုပ်ဖို့ ဆရာဆရာမတွေ အနေနဲ့ ကျောင်းသားတွေကို အသိပညာပေးစေချင်တယ်။ အခုဆို ရေနစ်ဆုံးတာတွေ မကြာခဏဆိုသလို ကြားနေရတယ်။ " လို့ ဒေသခံက ပြောပါတယ် ။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ပန်းယျကျေးရွာ၊ ပန်းလောင်မြစ်အတွင်းမှာလည်း မနေ့က စက်တင်ဘာ ၆ ရက်မှာ အမျိုးသားတယောက်ရေဆင်းကူရာကနေ ရေနစ်သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက်ကလည်း မန္တလေးတိုင်း ၊ကျောက်ဆည်မြို့၊ မင်းရဲဆည် ဇော်ဂျီမြစ်အတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။
နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ထဲမှာလည်း စက်တင်ဘာ ၄ ရက်နေ့က သပြေချောင်းကျေးရွာအုပ်စု ၊ဂွေးခါးတောင်‌အနီးရှိ သဘာဝရေကန်မှာ ရေဆင်းကူးတဲ့ G12 အောင်မြင်ထားတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးနှစ်ယောက် ရေနစ် သေဆုံးခဲ့ပါတယ် ။
မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁) ရပ်ကွက်၊ ဇွဲရေလွှဲဆည်မှာလည်း ဩဂုတ် ၃၀ ရက်နေ့က အမျိုးသားငါးယောက်ရေဆင်းကူးရာမှာ တယောက်ရေနစ် သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၂၈ ရက်ကလည်း ပျဥ်းမနားမြို့နယ် ၊ပေါင်းလောင်းမြစ်အောက်ပိုင်း စည်ပင်ကြီးကျေးရွာ ​ရေချိုးဆိပ်မှာ ရေဆင်းချိုးတဲ့ အသက် ၁၅ နှစ်ရွယ် G9 ကျောင်းသားတယောက် ရေနစ်သေဆုံးသွားခဲ့ပြီး အလောင်းကို ဩဂုတ် ၃၁ ရက်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။

image