ဝမ်းတွင်းမြို့နယ်က ၃၃ ကေဗွီကြိုးတွေကို ဖြတ်တောက်ခိုးယူတဲ့ တရားခံတွေ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာ အရှေ့ မြောက်ဘက် ၆ မိုင်ခန့်အကွာက ပြည့်စုံကုန်းကျေးရွာကိုသွယ် တန်းထားတဲ့ ၃၃ ကေဗွီ၊ ACSR Wire အမျိုးအစား လိုင်းကြိုး ၄၆ ခန်း (ပေ ၆၉၀၀၀ ခန့်) လိုင်းကြိုး ၃ ချောင်းကို ဖြတ်တောက်ခိုးယူဖို့ ကြိုးစားခဲ့တဲ့ ၆ ယောက်ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
၃၃ ကေဗွီ၊ ACSR Wire အမျိုးအစားလိုင်းကြိုး ၁ ချောင်းရဲ့ခန့်မှန်းတန်ဖိုးငွေ ၁,၄၀၀,၀၀၀,၀၀ဝိ/- ကျပ်၊ စုစုပေါင်းတန်ဖိုး ငွေ ၄၂၀၀,၀၀၀,၀၀ဝိ/-ကျပ်ခန့်ရှိပြီး ခိုးယူဖို့ ဖြတ်တောက်ထား တာကို တွေ့ခဲ့တဲ့အတွက် ရွှေတောင်နယ်မြေရဲစခန်းကိုအကြောင်းကြားလာတာကြောင့် စုံစမ်းစစ်ခဲ့ရာမှာ ပြည့်စုံကုန်းကျေးရွာရဲ့ တောင်ဘက်ယာခင်းထဲမှာ တရားခံတယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့သူဟာ မင်းခန့်၊ ၂၁ နှစ်၊ အလုပ်ကိုင် ကျဘမ်း၊ ဝသုန္နရရပ်ကွက်၊ မတ္တရာမြို့နယ်နေသူဖြစ်ပြီး စစ်ဆေးမေးမြန်းခဲ့တာမှာ စက်တင်ဘာ ၆ ရက်နေ့ည ၁၁ နာရီ မိနစ် ၃၀ မှာ တရားခံ မင်းမင်းအေး၊ ၂၈ နှစ်၊ အလုပ်ကိုင် ဈေးရောင်း၊ ဝသုန္နရရပ်ကွက်၊ မတ္တရာမြို့နယ်၊ မင်းမင်းထွေး၊ ၂၉ နှစ်၊ ယာဉ်မောင်း၊ ဘေးမဲ့ ရပ်ကွက်၊ မတ္တရာမြို့နယ်၊ အောင်ဖြိုးအေး(ခ)အုန်းသီး၊ ၂ဝ နှစ်၊ ဗမာ/ ဗုဒ္ဓ၊ ကျဘမ်း၊ မြကံသာစံပြကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မနန္ဒာဝင်း၊ ၃၂ နှစ်၊ စက်ချုပ်၊ ဝသုန္နရရပ်ကွက်၊ မတ္တရာမြို့နယ်၊ အောင်သိုက်၊ (အသက်/နေရပ်လိပ်စာ) စိစစ်ဆဲတို့နဲ့အတူ ACSR Wire အမျိုးအစား ၃၃ ကေဗွီကြိုးတွေကို ခိုးယူဖြတ်တောက်နေချိန်မှာ ဖမ်းဆီးမယ့်သူတွေ ရောက်လာတဲ့အတွက် ဆိုင်ကယ်တွေနဲ့ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ တရားခံ မင်းမင်းထွေး၊ မင်းမင်းအေး၊ အောင်ဖြိုးအေး၊ အောင်သိုက်၊ မနန္ဒာဝင်းတို့ဟာ ကူမဲမြို့ကိုတိမ်းရှောင်ခဲ့ပြီး တည်းခိုခန်းတခုမှာ တည်းခိုနေထိုင်နေတဲ့သတင်းရရှိလို့ စက်တင်ဘာ ၇ ရက်နေ့မှာ ရွှေတောင်နယ်မြေရဲစခန်းနဲ့ ကူမဲနယ်မြေ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်အား လိုင်း ၃၃ကေဗွီ၊ ACSR Wire ကြိုးများကို ခိုးယူတဲ့သူ မင်းခန့် အပါဝင် ၆ ယောက်ကို ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

image