M League ပွဲစဉ် (၂) ကစပြီး စတားစီးတီးကွင်းကိုပါ ထပ်တိုးကာ မြို့ ၅ မြို့ရှိ ကွင်း ၉ ကွင်းမှာ ကျင်းပမယ်
M League ကော်မတီက ယခု ၂၀၂၆- ၂၀၂၇ ရာသီ M League ပြိုင်ပွဲကို ပွဲစဉ် (၂) ကစပြီး ရန်ကုန်မြို့ရှိ စတားစီးတီးကွင်းကိုပါ ထပ်တိုးကာ မြို့ ၅ မြို့ရှိ ကွင်း ၉ ကွင်းမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ပွဲစဉ် (၂) အဖြစ် စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့ရှိ ပဒေသာကွင်းမှာ ရန်ကုန်စီးတီးအသင်းနဲ့ ရတနာပုံအသင်း၊ စတားစီးတီးကွင်းတွင် ချင်းလန့်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမှာပါ။
စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့ရှိ စတားစီးတီးကွင်းမှာ မြဝတီအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်း၊ သီဟဒီပကွင်းတွင် သစ္စာအားမာန်အသင်းနဲ့ ဟံသာဝတီယူနိုက်တက်အသင်း၊ စက်တင်ဘာ ၆ ရက်တွင် ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်းမှာ ဧရာဝတီယူနိုက်တက် အသင်းနဲ့ ဒဂုံစတားယူနိုက်တက်အသင်း၊ သီဟဒီပကွင်းမှာ ISPE အသင်းနဲ့ စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
ပွဲစဉ် (၁) အပြီးမှာ ဒဂုံစတားယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့မှာ ရမှတ်သုံးမှတ်စီနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်းနေရာတွင် အစဉ်လိုက်ရပ်တည်နေကြလျက်ရှိကြောင်း သိရပါတယ်။
ယင်းအသင်းလေးသင်းအောက်တွင် မြဝတီ၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီး၊ ရှမ်းယူနိုက်တက်အသင်း လေးသင်းမှာ ရမှတ်တစ်မှတ်စီနဲ့ အဆင့် ၅၊ ၆၊ ၇၊ ၈ နေရာတို့တွင် အစဉ်လိုက်ရပ်တည်နေလျက်ရှိပါတယ်။
ISPE ၊ ချင်းလန့်၊ ဟံသာဝတီယူနိုက်တက်နဲ့ စစ်ကိုင်းယူနိုက်တက်အသင်းတို့မှာမူ နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။
ယခုရာသီ M League ပြိုင်ပွဲကို သြဂုတ် (၂၈) ရက်မှစပြီး နှစ်ကျော့စနစ်နဲ့ ကျင်းပနေခြင်းဖြစ်ပါတယ်။