သင်္ဘောသား လူသစ်တွေကို PS နဲ့ ပြည်ပအလည်ပတ်ထွက်ခွင့်ပိတ်

အမျိုးသားလူသစ် သင်္ဘောသားနဲ့ အမျိုးသမီးသင်္ဘောသားတွေကို အခုလစက်တင်ဘာ ၁၅ ရက်ကစပြီး သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) နဲ့ ပြည်ပနိုင်ငံတွေကို အလည်အပတ်ထွက်ခွာခွင့်ပိတ်လိုက်ပြီလို့ သင်္ဘောသားဌာနခွဲ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
ဒါကြောင့် အမျိုးသားလူသစ် သင်္ဘောသားနဲ့ အမျိုးသမီးသင်္ဘောသားတွေအနေနဲ့ ပြည်ပထွက်ခွာမယ်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှာ PS ကနေ PV အမျိုးအစားကို ပြောင်းလဲ ထွက်ခွာရမယ်လို့ သိရပါတယ်။
ပုံမှန်ဆိုရင် PS ကိုင်ထားတဲ့ သင်္ဘောသား လူသစ် ၊ လူဟောင်းအားလုံးဟာ ပြည်ပကို ခရီးထွက်ပါက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Department of Marine Administration ( DMA) ခွင့်ပြုချက်နဲ့ သွားခွင့်ရရှိခဲ့ပါတယ်။
အခုကတော့ PS ကိုင်ထားတဲ့ သင်္ဘောသား လူသစ်တွေအနေနဲ့ ပြည်ပထွက်မယ်ဆိုရင် PS မှ PV ပြောင်းရမှာဖြစ်ပြီး သင်္ဘောလိုက်မယ်ဆိုပါက PV မှ PS ကိုပြန်ပြောင်းရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
" အရင်စနစ်က သင်္ဘောသားလူသစ် ၊လူဟောင်းတွေ သင်္ဘောတက်ဖို့မဟုတ်ပဲ ပြည်ပနိုင်ငံတခုခုကို အလည်အပတ်သွားချင်ရင် အဲဒီ PS Passport နဲ့ပဲ DMA က ထွက်ခွာခွင့်ပေးတယ်။ အခုတော့ လူဟောင်းတွေပဲ PS passport နဲ့ အလည်အပတ်ခရီးကို DMA ခွင့်ပြုချက်နဲ့ သွားလို့ရတော့တာမျိုးဖြစ်သွားတယ်။ သင်္ဘောသားစာအုပ် CDC/ သင်္ဘောသား Passport PS ယူထားပြီး သင်္ဘောတခါမှ မတက်ရသေးတဲ့ လူသစ်တွေက PS နဲ့ အလည်အပတ်ခရီး ထွက်လို့မရတော့ဘူး။သင်္ဘောတက်မယ်ဆိုရင် ရတယ် ။ အလည်အပတ်သီးသန့် ထွက်ချင်ရင် PS ကနေ PV ပြန်ပြောင်းရမယ်။သင်္ဘောတက်မယ်ဆိုရင် PV ကနေ PS ပြန်ပြောင်းရမယ်။ ပြောင်းတဲ့အခါ လုပ်ငန်းစဥ်ကမြန်မှာလားဆိုတာက သေချာမသိဘူး ။ " လို့ သင်္ဘောသား တယောက်က ပြောပါတယ်။
ပြည်ပကုမ္ပဏီနဲ တိုက်ရိုက်စာချုပ်ချုပ် ဆိုထားခြင်းမရှိပဲ ဌာနမှာ တရားဝင် SRPS လိုင်စင်မရှိတဲ့ ကုမ္ပဏီ၊ ကြားခံလူပုဂ္ဂိုလ်၊ ပွဲစားတွေက သင်္ဘောသားကို တရားမဝင်စေလွှတ်မှုကြောင့်
သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ ပင်လယ်ကွေ့နိုင်ငံတချို့ရှိ လုပ်ငန်း ခွင်ကို ရောက်ရှိတာမျိုးရှိနေတာကြောင့် PS နဲ့ ပြည်ပအလည်အပတ်ထွက်ခွင့်ကို ပိတ်လိုက်တာဖြစ်တယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဆိုပါတယ်။

image