ဧရာဝတီအမျိုးသမီးအသင်း အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ မြောက်ကိုရီးယား၊ ဂျပန်၊ အီရန်ကလပ်အသင်းတို့နဲ့ ကျရောက်
ဧရာဝတီအမျိုးသမီးအသင်းဟာ ၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု(A)မှာ လက်ရှိချန်ပီယံမြောက်ကိုရီးယား၊ ဂျပန်၊ အီရန်အမျိုးသမီးကလပ်အသင်းတို့နဲ့ ကျရောက်ခဲ့ပါတယ်။
၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၃ ရက် (ယနေ့)မှာ အာရှဘောလုံးအဖွဲ့ ချုပ် (AFC) ရုံးစိုက်ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
AFC အနေနဲ့ ၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကို လာမယ့်အောက်တိုဘာကနေ ၂၀၂၇ ခုနှစ် မေလအထိ ကျင်းပပြုလုပ်သွားရန် လျာထားလျက်ရှိကြောင်း သိရပါတယ်။ ပြိုင်ပွဲကို ခြေစစ်ပွဲအောင် အသင်း ၆ သင်းနဲ့ တိုက်ရိုက်ဝင်ခွင့်ရ အသင်း ၆ သင်း၊ စုစုပေါင်း အသင်း ၁၂ သင်းနဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းကို လေးသင်း သုံးအုပ်စုခွဲ ကျင်းပသွားမှာဖြစ်ပြီး အုပ်စုတစ်ခုစီကနေ ထိပ်ဆုံးရပ်တည်မှုအရ အသင်းနှစ်သင်းစီနဲ့ အကောင်းဆုံးအုပ်စုတတိယရ အသင်းနှစ်သင်း၊ စုစုပေါင်း အသင်း ရှစ်သင်းမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်ကစားခွင့် ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲကို မြောက်ကိုရီးယားကလပ် အသင်းနှစ်သင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ အီရန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဥဇဘက်ကစ္စတန်၊ မြန်မာတို့မှ ကလပ်အသင်းတစ်သင်းစီ ပါဝင်ယှဉ် ပြိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိအုပ်စုခွဲဝေထားမှုအရ အုပ်စု(A)မှာ လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ် နေဂိုယန်း၊ ဂျပန်ကလပ် ကိုဘေး၊ အီရန်ကလပ် ဘမ်ခါတွန်း၊ မြန်မာကလပ် ဧရာဝတီ၊ အုပ်စု(မှာ တောင်ကိုရီးယားကလပ် ဟွာချွန်း၊ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး၊ အိန္ဒိယကလပ် အရှေ့ဘင်ဂေါ၊ မြောက်ကိုရီးယားကလပ် ၄.၂၅ စပေါ့စ်၊ အုပ်စု(C)မှာ သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီး၊ တရုတ်ကလပ် ဘေဂျင်းဂျင်တန်၊ ဖိလစ်ပိုင်ကလပ် ကာယာ၊ ဥဇဘက်ကစ္စတန်ကလပ် PFC အသင်းတို့ ကျရောက်နေလျက်ရှိပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲအဆင့်ကို ရှုံးပွဲမရှိ၊ ပေးဂိုးမရှိဖြင့် အောင်မြင်ထားခြင်းဖြစ်ပါတယ်။ ဧရာဝတီအမျိုးသမီး အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ စင်ကာပူကလပ် ဂျူရောင်းအသင်းကို (၄-ဝ) ဂိုး၊ လက်ဘနွန်ကလပ် နိုးလစ်မစ်အသင်းကို (၈-ဝ) ဂိုး၊ တိုင်ပေကလပ် နယူးတိုင်ပေစီးတီးအသင်းကို (၁-ဝ) ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။