ပဲခူးတွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်
ပဲခူးတိုင်းဒေသကြီးတွင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ကူညီနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီက ယနေ့ စက်တင်ဘာ ၃ ရက်တွင် အသိပေးထားသိရသည်။
ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စက်တင် ဘာ ၂ ရက်မှစတင်ကာ ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စက်လှေများ၊ အသက်ကယ်ပစ္စည်းများ၊ သောက်ရေသန့်များနှင့် ကြက်ခြေနီလူနာတင်ယာဉ်များကို ကြိုတင်ပြင်ဆင်ထားကြောင်း အသိပေးချက်အရ သိရသည်။
ထို့အပြင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် အရေးပေါ်ကွပ်ကဲရေးစင်တာ (EOC) ကို ဖွင့်လှစ်ထားပြီး ၂၄ နာရီ စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၈၈၀စင်တီမီတာ သတ်မှတ်ထားရာ လက်ရှိတွင် ၉၂၄ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၂၄နာရီအတွင်း ၉၀၉ စင်တီမီတာသို့ ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင်တည်ရှိနိုင်ကြောင်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။