12 နာရီ - ဘာသာပြန်ပါ။

အလုပ်သမား ၃၀၀၀ ကျော်ရှိတဲ့ Teng Hui သိုးမွှေး စက်ရုံကြီး ပိတ်သိမ်းမယ်

ရန်ကုန် ၊ ထန်းတပင်မြို့နယ် ၊ ရိုးကြီးရွာက အလုပ်သမား သုံးထောင်ကျော်လုပ်ကိုင်နေတဲ့ Teng Hui Myanmar သိုးမွှေး အထည်ချုပ်စက်ရုံကြီးကို ဒီစက်တင်ဘာလကုန်မှာ ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။
စက်ရုံပိတ်သိမ်းမယ့်အကြောင်းကို မနေ့က စက်တင်ဘာ ၂ ရက်မှာ ဝန်ထမ်းတွေကို အသိပေးခဲ့တာဖြစ်ပြီး လက်ရှိမှာ စက်ရုံတာဝန်ရှိသူတွေက အစည်းအဝေးပြုလုပ်နေကြတယ်လို့ သိရပါတယ်။
စက်ရုံပိတ်မယ့် အခြေအနေနဲ့ပတ်သက်ပြီး စက်ရုံဘက်ကို မေးမြန်းခဲ့ရာ " လောလောဆယ် မိတင်းလုပ်နေလို့ ဖြေဖို့နည်းနည်း အခက်အခဲရှိလို့ပါ။ လောလောဆယ် သတင်းတွေထဲလည်း အကုန်လုံးပြန့်နေပြီဆိုတော့ ထွက်ထားတဲ့ သတင်းအတိုင်းပါပဲ ။ " လို့ ပြောပါတယ်။
စက်ရုံပိတ်လိုက်ရတဲ့အတွက် ဝန်ထမ်းတွေအတွက် နစ်နာကြေးကိုတော့ သတ်မှတ်ထားတဲ့ စာချုပ်တွေအတိုင်း နစ်နာကြေး ပေးအပ်သွားမယ်လို့ ကနဦး သိရပါတယ်။
Teng Hui စက်ရုံဟာ ကမ္ဘာကျော်အမှတ်တံဆိပ် တခုဖြစ်တဲ H&M အမှတ်တံဆိပ်ကို ချုပ်လုပ်တဲ့ စက်ရုံဖြစ် ပြီး ခုနောက်ပိုင်းမှာ စက်ရုံအများစုဟာ အော်ဒါမရရှိတော့တာ ၊ ကုန်ကြမ်း ရရှိမှုခက်ခဲတာ ၊ စက်ပစ္စည်းအပို ရရှိမှုခက်ခဲတာတွေ ကြောင့် စက်ရုံပိတ်သိမ်းတဲ့အထိ ရှိလာတာလို့ သိရပါတယ်။
" CMP အတွက်ကို အထည်တွေက သွင်းလို့ရတယ်။ စပါယ်ယာဘတ်တွေ သွင်းလို့မရတာ၊စက်ပစ္စည်းအရံသွင်းလို့မရတာ အမျိုးစုံပေါ့။ CMP သဘာဝက အော်ဒါရှိမှ အသက်ရှင်မှာလေ။ စက်ရုံတွေပိတ်မှာ စိတ်မကောင်းဘူး ။ ပိုက်ဆံရှိလို့ မနက်ဖန်စက်ရုံ ထဖွင့်မယ်ဆိုလို့မရဘူး။ ပိတ်မယ်ဆိုလည်း အချိန်ယူရတယ်။ဘယ်အလုပ်ရှင်မှ စက်ရုံဖွင့်ပြီး ပိတ်ဖို့မရည်ရွယ်ဘူး။ မတတ်သာတဲ့အဆုံးမှာ ဒီလိုလုပ်တယ်လို့ မြင်တယ်။ အော်ဒါကောင်းကောင်းမရလို့ အဆင်မပြေကြဘူး။ " လို့ စက်မှုဇုန်ကော်မတီ အဖွဲ့ဝင်တယောက်က ပြောပါတယ်။
Teng Hui စက်ရုံဟာ ၂၀၁၃ ခုနှစ်မှာ စက်ရုံစတင်လည်ပတ်ခဲ့တာကြောင့် ခုဆိုရင် စက်ရုံသက်တမ်း ၁၃ နှစ်ကျော်အထိရှိပြီး စက်ရုံအကြီးတခုလည်းဖြစ်တဲ့အတွက် စက်ရုံပိတ်သိမ်းခြင်းက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဒုက္ခရောက်သလို စက်ရုံပိုင်ရှင်အနေနဲ့လည်း ခက်ခဲတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ခုနောက်ပိုင်းမှာ ဝယ်ယူစားသောက်ရတဲ့ ကုန်စျေးနူန်းက ပိုပြီး တက်လာသလို ကျန်းမာရေး ၊ ပညားရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင် စက်ရုံအလုပ်သမားတွေက လုပ်ခလစာတိုးပေးဖို့ တောင်းဆိုမှုတွေလည်း များလာပါတယ်။
စက်ရုံတွေ ဘက်ကလည်း အော်ဒါမရတာအပါအဝင် လုပ်ငန်းရပ်တည်ဖို့ ခက်ခဲလာတဲ့ အခြေအနေတွေကြောင့် လုပ်ငန်းအဆင်မပြေတဲ့အတွက် လစာတိုးမပေးနိုင်တဲ့အပြင် လုပ်ငန်းရပ်နားရတဲ့အထိပါ ရှိလာပါတယ်။
ရန်ကုန်တိုင်းမှာ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး အဲဒီထဲမှာ CMP အထည်ချုပ်သက်ရုံက များကြောင်း ၊ CMP အထည်ချုပ်လုပ်ငန်းဆိုတာဟာ ပြည်ပကနေ ကုန်ကြမ်းတင်သွင်းပြီး မြန်မာနိုင်ငံမှာ ကုန်ချောထုတ်လုပ်ကာ ပြည်ပကို ပြန်လည်တင်ပို့ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။

image