၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်နှင့်ပတ်သက်သည့် နိုင်ငံအချို့၏ ထုတ်ပြန်ပြောကြားချက်များကို မြန်မာနိုင်ငံ ပယ်ချ
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို့၏ ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များနှင့် လူမှုကွန်ရက်မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များကို မြန်မာနိုင်ငံက ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲဖြစ်စဉ်များသည် အာဆာအကြမ်းဖက်အဖွဲ့၏ တစ်ပြိုင်နက်တည်း အကွက်ချကြိုတင်စီစဉ် တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာရခြင်းဆိုသည့်အချက်ကို အဆိုပါကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များတွင် အသိအမှတ်ပြုရန် ပျက်ကွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်အမှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် အာဆာအကြမ်းဖက်များက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ကနဦးကျူးလွန်ခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် အာဆာအကြမ်းဖက်များက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများနှင့် ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဆာအဖွဲ့၏ ခြိမ်းခြောက်အကြမ်းဖက်မှုများကြောင့် ဒေသခံတိုင်းရင်းသားများသည် အခြားမြို့ရွာများသို့လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်း နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့်အတွက် မိမိနိုင်ငံအား ကာကွယ်ပိုင်ခွင့်နှင့် နိုင်ငံနှင့်လူမျိုးအပေါ် ကျူးလွန်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
အကြမ်းဖက်တိုက်ခိုက်မှုများအား တုံ့ပြန်ရာတွင်လည်း မြန်မာလုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အပြစ်မဲ့ဒေသခံပြည်သူများနှင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Rules of Engagement - RoE) နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် မရှိသည့် လူမျိုးအမည်တစ်ရပ်ကို လွဲမှားစွာ သုံးစွဲဖော်ပြနေခြင်းကိုလည်း ပြတ်သားစွာ ကန့်ကွက်ကြောင်းနှင့် ယင်းစကားရပ်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အသုံးပြုကာ ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်များအပေါ် နိုင်ငံရေးအကျိုးအမြတ်ရရှိရန် ကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များ ထုတ်ပြန်နေခြင်းကို လက်ခံနိုင်ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ယင်းကဲ့သို့ ဆောင်ရွက်မှုများသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ရရှိထားသည့် သဘောတူညီချက်များနှင့်အညီ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အပြုသဘောဆောင်သည့် အထောက်အပံ့ဖြစ်မည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။
နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးသည် နှစ်နိုင်ငံအကြား ဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ဆန္ဒအလျောက် လုံခြုံ၍ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် ကြိုးပမ်းမှုများနှင့်ပတ်သက်၍လည်း ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်များ၏ အရင်းခံအကြောင်းတရားများနှင့် မြေပြင်ပကတိအခြေအနေမှန်များကို အသိအမှတ်မပြုဘဲ နိုင်ငံရေးလှုံ့ဆော်မှုအရ ထုတ်ပြန်သည့် ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များနှင့် လူမှုကွန်ရက်မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များကို မြန်မာနိုင်ငံက ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။