စင်းခန်း အနီးထိ တိုက်ပွဲ ပြင်းထန်လာနေ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူနဲ့ ဗန်းမော်ကြား စင်းခန်းအနီးထိ တိုက်ပွဲ ပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"စင်းခန်း နားထိ တိုက်ပွဲ ဖြစ်လာတယ်လို့ ပြောတယ်။ စင်းခန်းတံတားနား ချောဆွဲခံရတဲ့ ရွှေဖောင်ရာချီလည်း ဖမ်းခံရတယ်လို့ပြောတယ်" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ရွှေတူးတဲ့ သင်္ဘောတွေကိုချောဆွဲပြီး ဗန်းမော်ဘက် တက်လာတာလို့ သူက ပြောပါတယ်။
"ဇင်းဘုံ တဲ့ အနီး တဝိုက်မှာ ဒီမနက် ၆ နာရီ လောက်ကတည်းက တိုက်ပွဲ ပြင်းထန်နေတယ်" လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ထိခိုက်မှု မရှိတဲ့ သင်္ဘောတွေက ဗန်းမော်ဘက် ဦးတည်ပြီး ဆက်လက် ဆန်တက်လာတယ်လို့ သူက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ စစ်ကူ သင်္ဘောတွေလည်း ရှိနေပြီး ကြည်းေကြာင်း၊ ရေကြောင်း လေကြောင်းတွေ နဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေကာ အခု နေ့လယ်ပိုင်းကစ လေယာဉ် ဆယ်ချီနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
မန္တလေး ကနေ ဗန်းမော်ဘက် စစ်ကူ အင်အားဖြည့် တက်လာတဲ့ စစ်ကူ သင်္ဘောတွေဟာ ဩဂုတ်လ ၂၇ ရက်နေ့ကတည်းက ရွှေကူမြို့ကို ဆိုက်ရောက်လာပြီးနောက် ရွှေကူနဲ့ ဇင်းဘုံ အနီးတဝိုက် နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်နေပါတယ်။