3 ရက် - ဘာသာပြန်ပါ။

မလေးရှားလုပ်သား စေလွှတ်တဲ့ အေဂျင်စီ ၁၀ ခုကို MOEAA က အသင်းဝင်အဖြစ်မှ ယာယီ ထုတ်ပယ်

မလေးရှားနိုင်ငံကို မြန်မာလုပ်သား သီးသန့် စေလွှတ်နေတဲ့ လိုင်စင်ရ အေဂျင်စီ ၁၀ ခုကို အသင်းဝင်အဖြစ်ကနေ ယာယီ ထုတ်ပယ်လိုက်တယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) မှ မနေ့ စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ အေဂျင်စီ ၁၀ ခုဟာ မလေးရှားနိုင်ငံဆီ မြန်မာအလုပ်သမားတွေ စေလွှတ်ရေး လုပ်ငန်းစဉ်ကို သီးခြား လုပ်ပိုင်ခွင့်ရယူပြီး လက်ဝါးကြီးအုပ် ဆောင်ရွက်နေတဲ့အတွက် အသင်းဝင်အဖြစ်မှ အခုလို ယာယီ ရပ်စဲလိုက်တာလို့ အသိပေးထားပါတယ်။
“ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလိုင်စင် ရရှိထားတဲ့ အေဂျင်စီများစွာ ရှိတဲ့အနက် မြန်မာလုပ်သား စေလွှတ်ရေး လုပ်ငန်းစဉ်မှာ အသင်းဝင် အေဂျင်စီတချို့သာ သီးခြားလုပ်ပိုင်ခွင့် ရယူ ဆောင်ရွက်နေခြင်းဟာ တခြားအသင်းဝင် အေဂျင်စီတွေရဲ့ တန်းတူအခွင့်ရေးနဲ့ မျှတတဲ့ လုပ်ငန်းယှဉ်ပြိုင်ခွင့်ကို ထိခိုက်စေတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် အသင်းရဲ့ စည်းလုံးညီညွတ်မှု စုပေါင်းဆောင်ရွက်မှုကို ထိခိုက်စေတာကို စိစစ် တွေ့ရှိရသလို MOEAA ရဲ့ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပါ အခန်း (၂)၊ အခန်း (၅) တို့နဲ့ ကိုက်ညီမှုမရှိဘဲ ကျင့်ဝတ်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်တာလို့ ဆိုပါတယ်။
လက်ရှိ မလေးရှားလုပ်သား စေလွှတ်မှုနဲ့ ပတ်သက်လို့ အဲဒီနိုင်ငံရဲ့ FWCMS (Foreign Workers Centralized Management System) စနစ်မှာ မှတ်ပုံတင်ထားတဲ့ အလုပ်သမားခေါ်ယူရေး အေဂျင်စီစာရင်းမှာ တခြားသော အေဂျင်စီတွေရဲ့ မျှတစွာ ယှဉ်ပြိုင်ခွင့်ကို မျက်ကွယ်ပြုထားကာ တဖက်သတ် လက်ဝါးကြီးအုပ်ပြီး နိုင်ငံအလိုက် အေဂျင်စီအရေအတွက် ကန့်သတ်၊ လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
“ဒါကို တရားမျှတမှု မရှိဘူးဆိုပြီး ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့အတူ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် နိုင်ငံလေးနိုင်ငံ အဖွဲ့ချုပ်တွေက ပူးတွဲ ကြေငြာချက်တွေထုတ်ပြီး ကန့်ကွက်ထားတာရှိတယ်။ ဒါပေမယ့် ဒီအေဂျင်စီ ၁၀ ခုက အသင်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲနဲ့ သီးသန့် လုပ်ပိုင်ခွင့်ရယူဖို့ လုပ်တဲ့အတွက် အသင်းဝင်အဖြစ်ကနေ ယာယီ ရပ်စဲလိုက်တာ” လို့ သူက ပြောပါတယ်။
ဒီလုပ်ရပ်တွေဟာ အသင်းကြီးရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ တရားမျှတတဲ့ အလုပ်သမားခေါ်ယူရေးမူဝါဒ (Fair Recruitment) နဲ့ ဆန့်ကျင်နေတာကြောင့် အခုလို အရေးယူ ဆောင်ရွက်တာလို့ သူက ပြောပါတယ်။
သီးခြားလုပ်ပိုင်ခွင့် ရယူထားတဲ့ အေဂျင်စီတွေရဲ့ လက်အောက်မှာ တခြား လိုင်စင်ရ အေဂျင်စီတွေက အဖွဲ့ဝင်အဖြစ် ပူးပေါင်း လုပ်ကိုင်ရမယ်ဆိုပါကလည်း တရားဝင်လိုင်စင် ကိုင်ဆောင်ထားသူတွေ အချင်းချင်း တဆင့်နိမ့် အကူအညီ တောင်းခံသလိုမျိုး ဖြစ်နိုင်သလို ဒီအခြေအနေရဲ့ နောက်ဆက်တွဲအဖြစ် အလုပ်သမားတွေအပေါ် မလိုလားအပ်တဲ့ ဝန်ဆောင်ခ ဝန်ထုပ်ဝန်ပိုးတွေ ကျရောက်လာနိုင်တယ်လို့ MOEAA က အသိပေးထားပါတယ်။

image