ကလေးမြို့နဲ့ ခိုင်ကမ်းမြို့ ရေကြီးမှု လူတယောက် ပျောက်ဆုံး၊ ဘုရားကျောင်းနဲ့ နေအိမ်ချို့ ရေစီးနဲ့ မျောပါ
စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့အတွင်း ရေကြီးမှုကြောင့် အမျိုးသမီးတယောက် ရေစီးနဲ့မျောပါ ပျောက်ဆုံးနေသလို ဘုရားကျောင်းနဲ့ နေအိမ်ချို့လည်း ရေစီးနဲ့ မျောပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့မှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဒီကနေ့ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြေနိမ့်ပိုင်း နေရာတွေမှာ မိုးရေနဲ့အတူ တောင်ကျချောင်းရေတွေ အရှိန်အဟုန်နဲ့ စီးဝင်လာပြီး ရေကြီးနေတယ်လို့ သိရပါတယ်။
“မိုးက ဆက်တိုက်ရွာနေတာ။ ပင်လုံရပ်ကွက်ထဲက ဥပုသ်ချောင်းရေလည်း ရေတိုးမြန်နေတယ်။ ဒီမနက် ၈ နာရီခွဲလောက်က ဇင်းကလင်းတံတား ခြေရင်းလည်း ရေတိုက်စားပြီး ပေါက်သွားလို့ ကလေးတောင်ပိုင်းလမ်းကြော ပြတ်တောက်သွားပြီ။ ချောင်းရေတက်တာကို သွားကြည့်တဲ့ အမျိုးသမီးတယောက်လည်း တံတားကျိုးပြီး ရေထဲကျ၊ မျောပါသွားတာ အခုထိ ရှာမတွေ့သေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဇင်းကလင်းတံတား ရေတိုက်စား ပြိုကျနေမှုကြောင့် ကလေးမြို့ကနေ တောင်ပိုင်းဒေသတွေဘက် သွားလာကြတဲ့ ယာဉ်လမ်းကြောင်းတွေကို ယာယီ ပိတ်ထားလိုက်ရပြီဖြစ်ကာ ညောင်ပင်သာရပ်ကွက်နဲ့ မင်္ဂလာဥယျာဉ်ရပ်ကွက်ကိုကူးတဲ့ အမှတ် (၅) မူလတန်းလွန်ကျောင်းအနီး တံတားလည်း ရေကျော်နေတယ်လို့ သိရပါတယ်။
ဒါအပြင် တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၉) ဘက်မှာလည်း ရေလျှံနေကာ ရေဘေးအတွင်း ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ သိရပြီး လက်ရှိမှာ U9 Operator ရဲ့ Main Site Down ဖြစ်သွားလို့ U9 ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အပါအဝင် WiFi နဲ့ 9Plus WiFi လိုင်းတွေပါ ပြတ်တောက်သွားခဲ့တာကြောင့် MPT ဖုန်းလိုင်း တခုတည်းကိုသာ အသုံးပြုနေရတယ်လို့ သိရပါတယ်။
ဒါအပြင် ကလေးမြို့နဲ့ ထိစပ်နေတဲ့ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာလည်း မိုးသည်းထန်ပြီးနောက် ဒီကနေ့ မနက်ပိုင်းကစလို့ ကွဲချောင်းရေ မြင့်တက်လာတာကြောင့် ချောင်းကမ်းပါူမှာရှိတဲ့ Maranatha AG ခရစ်ယာန် ဘုရားရှိခိုးကျောင်း အပါအဝင် နေအိမ်တချို့ ရေတိုက်စား ပြိုကျကာ ရေစီးနဲ့အတူ မျောပါသွားတယ်လို့ သိရပါတယ်။
“ရေစီးအရမ်းသန်တယ်။ မိုးကလည်း သည်းနေတာ။ ချင်းတောင်ဘက်ကနေ တောင်ကျရေတွေ ဒလဟောကျလာတာ ကွဲချောင်းရေ ချက်ချင်း လျှံတက်လာတယ်။ ရေစီးက ကမ်းပါးနေရာတွေ အကုန်တိုက်စားသွားတာ။ အုတ်တိုက်တွေတောင် ကျွတ်ပြီးပါသွားတယ်။ Maranatha AG ဘုရားကျောင်းဆို အဆောက်အအုံ တခုလုံး ပါသွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိအချိန်အထိ ရေမျက်နှာပြင် ဆက်လက် မြင့်တက်နေဆဲဖြစ်တာကြောင့် ချောင်းကမ်းဘေး နေထိုင်သူတွေအနေနဲ့ အရေးပေါ်ရွှေ့ပြောင်းခြင်း၊ နေအိမ်တွေကို ကြိုတင် ဖျက်သိမ်းခြင်းတွေ ပြုလုပ်နေကြရတယ်လို့ သိရပါတယ်။
ဒါအပြင် မနေ့ စက်တင်ဘာ ၁ ရက်နေ့၊ မနက်အစောပိုင်းကလည်း တီးတိန်မြို့နယ်၊ ကိမ်လိုင်ကျေးရွာအနီးရှိ နတ်တံခါးချောင်းအတွင်း တောင်ကျရေ အရှိန်အဟုန်နဲ့ စီးဆင်းလာမှုကြောင့် ဒေသခံတွေ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ ကြိုးတံတား ပျက်စီးသွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။