မာရာဒိုနာနှင့် မက်ဆီတို့ ဝတ်ဆင်ခဲ့တဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ အား ပါရမီရှင်လူငယ်ထံ လွဲပြောင်းပေးရန် အာဂျင်တီးနားဆုံးဖြတ်လိုက်ပြီ
အာဂျင်တီးနားဟာ လီယွန်နယ်မက်ဆီဝတ်ဆင်ခဲ့တဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ အား လွဲပြောင်းမယ့် ကစားသမားအား ရွေးချယ်ထားပြီး ဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီဟာ အသက် ၃၉ နှစ်အရွယ်တွင် အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
မက်ဆီဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း အာဂျင်တီးနားကစားသမားဘဝမှ အနားယူဖူးခဲ့ပါတယ်။
ဂန္ဌဝင်ကစားသမားဟာ ကိုပါအမေရိကဖလားဗိုလ်လုပွဲ ၂ ကြိမ်နှင့် ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတို့တွင် ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူပါ။
ဒါပေမယ့် သူဟာ အာဂျင်တီးနားကစားသမားဘဝမှ အနားယူချိန်တွင် ကမ္ဘာ့ဖလား ၁ ကြိမ်၊ ကိုပါအမေရိက ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
သူဟာ အာဂျင်တီးနားအတွက် ၂၀၇ ပွဲကစားကာ ၁၂၅ ဂိုးသွင်းကာ ပွဲအများဆုံကစားထားသူ၊ ဂိုးအများဆုံးသွင်းထားသူအဖြစ်လည်း မှတ်တမ်းရေးထိုးထားပါတယ်။
ယနေ့တွင် ESPN ရဲ့ ဖော်ပြလာမှုအရ အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီဟာ မာရာဒိုနာနှင့် မက်ဆီတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ အား ဆက်ခံမယ့် ကစားသမားအား ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားရဲ့ကျောနံပါတ် ၁၀ ကို ဆက်ခံမယ့် ကစားသမားက ကိုမိုအလယ်တန်းတိုက်စစ်သမားနီကိုပက်ဇ် ဖြစ်ပါတယ်။
အသက် ၂၁ နှစ်သာ ရှိသေးတဲ့ နီကိုပက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် ၁၁ ပွဲကစားထားပြီးသူ ဖြစ်ပြီး ဥရောပရဲ့အလားအလာအကောင်းဆုံးလူငယ်တိုက်စစ်သမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ လက်ရှိအချိန်မှာ စီးရီးအေကလပ် ကိုမိုမှာ ဖာဘရီဂက်စ်လက်အောက်မှာ ကစားနေသူလည်း ဖြစ်ပါတယ်။
သူဟာ စပိန်တွင် မွေးဖွားသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အကယ်ဒမီထွက်တစ်ဦး ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ပါဘလိုပက်ဇ်က အာဂျင်တီးနားနှင့်အတူ ၁၉၉၈ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
သူ့မိခင်က စပိန်ဖြစ်ပေမယ့်လည်း ဖခင်ဖြစ်သူရဲ့ နိုင်ငံ အာဂျင်တီးနားအတွက် ကစားနေတာပါ။
ရီးရဲလ်မက်ဒရစ်ဟာ နီကိုပက်ဇ်ကို ယခုနွေတွင် ပြန်လည် ခေါ်ယူနိုင်မယ့် အချက်ကို ထည့်သွင်းထားခဲ့ပေမယ့်လည်း ကိုမိုနှင့် ပြန်လည်ဆွေးနွေးမှု ပြုလုပ်ကာ စာချုပ်ကို ပြုပြင်ချုပ်ဆိုခဲ့ပါတယ်။
ပြန်လည်ချုပ်ဆိုလာတဲ့ စာချုပ်အရ ရီးရဲလ်မက်ဒရစ်အေနဖြင့် ၂၀၂၇ ခုနှစ်တွင် နီကိုပက်ဇ်ကို ပေါင် ၆၈.၆ သန်းဖြင့် ပြန်လည် ခေါ်ယူနိုင်ပါမယ်။