ပရီးမီးယားလိဂ်ရဲ့ နွေရာသီအသုံးစရိတ် ပေါင်(၃.၄၆)ဘီလီယံနဲ့ စံချိန်သစ်ဖြစ်ခဲ့ပြီး (၂)နှစ်ဆက်တိုက် ပေါင်(၃)ဘီလီယံအထက် ရောက်ရှိခဲ့

ပရီးမီးယားလိဂ်ရဲ့ ၂၀၂၆ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်က ပေါင်(၃.၄၆)ဘီလီယံနဲ့ စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်က ပြီးခဲ့တဲ့ ၂၀၂၅ နွေရာသီမှာ ပေါင်(၃.၁၄)ဘီလီယံသုံးစွဲပြီး စံချိန်တင်ခဲ့သလို၊ ဒီနှစ်မှာ ပေါင်(၃.၄၆)ဘီလီယံနဲ့ စံချိန်သစ်ထပ်တင်ခဲ့တာပါ။
ဒါကြောင့် (၂)နှစ်ဆက်တိုက် အသုံးစရိတ်ပေါင်(၃)ဘီလီယံအထက် ရောက်ရှိခဲ့ပြီး (၂)နှစ်ဆက်တိုက် စံချိန်ချိုးခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ ငွေကြေးအများဆုံးသုံးစွဲတဲ့အသင်းအဖြစ် မန်စီးတီးအသင်းက ပေါင်(၄၅၈)သန်းနဲ့ မှတ်တမ်းဝင်ခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ငွေကြေးအများဆုံးသုံးစွဲတဲ့ နွေရာသီ ဖြစ်ခဲ့သလို၊ ပြီးခဲ့တဲ့နှစ်က ပေါင်(၄၁၅)သန်းသုံးစွဲခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ စံချိန်ကိုလည်း ကျော်ဖြတ်ခဲ့ပါတယ်။
ကစားသမားတွေထဲမှာတော့ ချယ်လ်ဆီးကနေ မန်စီးတီးကို ပေါင်(၁၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်က ဒီနှစ်နွေရာသီရဲ့ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မန်စီးတီးအသင်းက ကစားသမားခေါ်ယူမှုအတွက် ပေါင်(၄၅၈)သန်း သုံးစွဲခဲ့ပေမဲ့ ကစားသမားရောင်းချမှုကနေ ပေါင်(၃၀၄)သန်း ပြန်ရခဲ့တာကြောင့် အသားတင်အသုံးစရိတ်ကတော့ ပေါင်(၁၅၄)သန်းသာ ရှိခဲ့ပါတယ်။
ဒီနှစ် နွေရာသီမှာ အသားတင်အသုံးစရိတ်အများဆုံးဖြစ်ခဲ့တာက လီဗာပူးလ်(ပေါင် ၁၇၂ သန်း)ဖြစ်ပြီး ဒုတိယအများဆုံးက စပါး(ပေါင် ၁၆၅ သန်း)ဖြစ်ကြောင်း သိရပါတယ်။
ဒီနှစ် နွေရာသီမှာ အပြောင်းအရွှေ့နောက်ဆုံးနေ့ တစ်ရက်တည်းရဲ့ အသုံးစရိတ်က ပေါင်(၄၇၅)သန်းရှိခဲ့ပြီး အရင်နှစ်ထက် (၈၄)သန်း ပိုမိုများပြားခဲ့ကြောင်းလည်း သိရပါတယ်။

image