7 ရက် - ဘာသာပြန်ပါ။

ပြည်သူ့လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်နေ

ပြည်သူ့လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ကိုင်ရာတွင်ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်လျက်ရှိသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက သြဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ရုံသာမက သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ နှစ်နိုင်ငံပြည်သူချင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုများအရနက်ရှိုင်းသည့် ဆက်ဆံမှုများရှိကာ နှစ်နိုင်ငံကြား နိုင်ငံဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးများ၊ လူကုန်ကူးမှုများနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများတွင် ထဲထဲဝင်ဝင် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရမည်ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ တရားဝင်အခွင့်အရေးများရရှိရေးဆိုင်ရာများကို ကူညီဆောင်ရွက်ပေးစေလိုပြီး နှစ်နိုင်ငံသည် အာဆီယံမိသားစုဖြစ်၍ အချင်းချင်းနားလည်မှုများ၊ ယုံကြည်မှုများဖြင့် အပြန်အလှန်ပူးပေါင်းဆောင် ရွက်ရန်လည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ထိုင်းနိုင်ငံသံအမတ်ကြီးကလည်း လူငယ်နှင့် အမျိုးသမီးကိုယ်စားလှယ်များပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအရေးနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးသွားမည်ဟု ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် အာဆီယံပါလီမန်များ ညီလာခံ(AIPA)နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်၍ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်သွားမည်ဟုလည်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

image