တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသည့် ကျောင်းသား/သူ(၃၀၇)ဦးကို ရွှေစင်(၁)ကျပ်သားဒင်္ဂါးပြားများချီးမြှင့်
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူ(၃၀၇)ဦးအား သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးရ ရှိခဲ့ကြသည့် ကျောင်းသား/သူ(၃၀၇)ဦးကို ရွှေစင်(၁) ကျပ်သားဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုချီးမြှင့်ပေးသွားမည်ဟု ပြောကြားသည်။
ထိုသို့ ချီးမြှင့်ခြင်းသည် ထူးချွန်ကျောင်းသား/သူများ ၏ ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှုရလဒ်များကို မှတ်ကျောက်တင်ဂုဏ်ပြုပေးခြင်းဖြစ်ပြီး အဆင့်မြင့်ပညာကို ဆက်လက်ထူးချွန်အောင်ကြိုးစားရန်မြှောက်စားအားပေးခြင်းလည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား/သူများဖြစ်သော မသိရီစိုး၊ မအေးချမ်းမြေ့၊ မောင်စည်သူဗိုလ်၊ မသက်နှင်းစံ၊ မောင်ဉာဏ်ဟိန်းဇေ၊ မမေဇင်ဖုန်းမြတ်၊ မအိကေဇင်၊ မသင်းပျံ့ပြည့်စုံခင်၊ မောင်ဘုန်းတေဇာသွေး၊ မဆောင်းနှင်းဖြူနှင့် မခင်ငြိမ်းစုတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင် စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ကလည်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ကျောင်းသား/သူများက "ထူးချွန်သူတို့ဂုဏ်ပြုစို့"တေးသီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတက ထူးချွန်ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဆုရကျောင်းသား/သူမျာနှင့်အတူ ဂုဏ်ပြုနေ့လယ်စာသုံးဆောင်ခဲ့သည်။