1 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံဆုကို နှစ်တိုင်း ပေါ့ပေါ့ပါးပါး ယူနေရာကနေ အခုလို အကြိတ်အနယ်ဖြစ်လာတာကို လိုချင်ကြောင်း ရှမ်းယူနိုက်တက်အသင်းခေါင်းဆောင် နန္ဒကျော် ပြောကြား

ရှမ်းယူနိုက်တက်အသင်းရဲ့ နောက်တန်းကစားသမားနဲ့ အသင်းခေါင်းဆောင်ဖြစ်သူ နန္ဒကျော်က ချန်ပီယံဆုကို နှစ်တိုင်း ပေါ့ပေါ့ပါးပါး ယူနေရာကနေ အခုလို အကြိတ်အနယ်ရှိလာကို လိုချင်ကြောင်း ရန်ကုန်စီးတီးအသင်းနဲ့ သရေကျအပြီးမှာ ပြောကြားခဲ့ပါတယ်။
နန္ဒကျော်က"တချို့ဟာတွေကျတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေလည်း ပါလိမ့်မယ်။ နှစ်သင်းစလုံး ကစားပုံကောင်းနေတဲ့ အချိန်မှာ ရုတ်တရက် အနီကတ်ဆိုတာမျိုးကြီး ဖြစ်သွားတဲ့အခါ စိတ်ဓာတ်တွေကအစ ဘောလုံးပွဲက ဘောလုံးပွဲနဲ့ မတူတော့ပဲ ရန်လိုတဲ့ဟာမျိုးတွေ ဖြစ်သွားတာ။ ဒါက ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်က တစ်စိတ်တစ်ပိုင်းတစ်ခုအနေနဲ့လည်း ပါမယ်ထင်တယ်။ ကစားသမားတိုင်းက ကွင်းထဲမှာ စိတ်ဓာတ်ပြင်းထန်တာပဲလေ။ အခုလို အကြိတ်အနယ်ရှိတဲ့ပွဲမှာလိုမျိုးပေါ့။ ကစားသမားက သူ့ပလေယာကို သူပြောတာ။ ဒါကို ဒိုင်လူကြီးက သူ့ကိုပြောတယ်ဆိုပြီး အနီကတ် တိုက်ရိုက်ပြလိုက်တာပေါ့။ ဒါက မပြသင့်ဘူးထင်တယ်။ ကိုယ့်အသင်းဖော်ကို ကိုယ်ပြောတာလေ။ အဲ့လိုဆိုတော့ ဘောလုံးမကစားကြတော့ပဲ ရန်လိုပြီး ကမောက်ကမတွေနဲ့ ကြည့်မကောင်းတော့ပဲ အဲဒီလိုဖြစ်ကုန်တာပေါ့။ လိဂ်က အရင်နှစ်က​နဲ့ မတူဘူး။ အကုန်လုံးပြင်ဆင်လာကြတယ်။ ဒီအပေါ်မှာ ဝမ်းသာတယ်။ အဲဒါမှလည်း လိဂ်က အကြိတ်အနယ်ရှိလာမယ်လို့ထင်တယ်။ နှစ်တိုင်း ကျွန်တော်တို့ချည်းပဲ ပေါ့ပေါ့ပါးပါးကြီး ယူတာမျိုး မဖြစ်စေချင်ဘူး။ အခုလို အကြိတ်အနယ်ပြိုင်ပြီး ရတာက ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ ပရိသတ်တွေကတော့ တာဝန်ကျေကြတယ်။ အရမ်းအားပေးကြတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပလေယာတွေကလည်း နောက်ပွဲတွေမှာ အနိုင်ရလဒ်ရရှိအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ" ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
M League လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ သြဂုတ် (၃၀) ရက်က တန်းတက် ရန်ကုန်စီးတီးအသင်းနဲ့ ရန်ကုန်မြို့ရှိ ပဒေသာကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရာ နိုင်ပွဲမရရှိခဲ့ဘဲ (၂-၂) ဂိုးနဲ့ သရေကျခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ပွဲကစားချိန် မိနစ် (၆၀) ကျော်အထိ (၂-၀) ဂိုးနဲ့ အနိုင်ရနေခဲ့ပေမဲ့ ချေပဂိုးများ ပြန်ပေးခဲ့ပြီး အခုရာသီ M League အဖွင့်ပွဲမှာ နိုင်ပွဲပျောက်ဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။
ဒီပွဲရဲ့ ပွဲကစားချိန် (၆၄) မိနစ်မှာ ရန်ကုန်စီးတီးအသင်း တိုက်စစ်မှူး အောင်ကောင်းမာန်က ပထမချေပဂိုး သွင်းယူခဲ့ပြီး ဂိုးသွင်းအပြီး စက္ကန့်ပိုင်းအတွင်းမှာတင် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရုပ်သံပြကွက်မှာလည်း မပါဝင်ခဲ့တာကြောင့် ဖြစ်စဥ်အသေးစိတ်ကို ကွင်းအတွင်း ရှိသူများသာ တွေ့မြင်သိရှိခဲ့ရကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ M League ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် (၇) ကြိမ်ဗိုလ်စွဲထားပြီး နောက်ဆုံး (၆) ကြိမ်ဆက် ချန်ပီယံဆု ရရှိထားပါတယ်။

image