ရေကြီးရေလျှံမှုကြောင့် ဒေသခံများ၏ နေအိမ်၊ စိုက် ပျိုးရေးနှင့် လူမှုစီးပွားဘဝထိခိုက်မှုများကိုစနစ်တကျစစ်တမ်းကောက်ယူရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား
ရေကြီးရေလျှံမှုကြောင့် ဒေသခံများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝထိခိုက်မှုများကိုစနစ်တကျစစ်တမ်းကောက်ယူရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင် က ယနေ့ သြဂုတ် ၂၉ ရက်နံနက်ပိုင်းတွင် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ရေတိုက်စားခဲ့မှုအတွက် တားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏နေထိုင်စားသောက်ရေးအခက်အခဲမရှိစေရေးတို့အတွက် သက် ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်းကြိုးပမ်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့အတူ ရန်ကုန်-မအူပင်သွား ကားလမ်းဘေးဝဲယာတစ်လျှောက် ရေများမြောင်းပိတ်ဆို့မှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများကစနစ်တကျရှင်းလင်းရန်၊ ရေထွက်လမ်းကြောင်းများကောင်းမွန်မှသာ ရေကြီးရေလျှံမှုကိုလျှော့ချနိုင်မည်ဖြစ်၍ ကားလမ်းတစ်လျှောက် ရေကျော်သည့်နေရာများ၌ လမ်းသားမြှင့်တင်ရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ က ညောင်တုန်းကျွန်းတာ တာကိုယ်ထည်ရေတိုက်စားမှုအား ယာယီကာကွယ်နိုင်ရန် တာခြေတွင် တုတ်တန်းရိုက်သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ မူရင်းတာ 2nd Bund Slope အခြေသဲအိတ်ထောက်ခြင်း၊ ယာယီ ပန်းတာတည်ဆောက်ခြင်း၊ ကမ်းရင်းတာ Bund Slope တည် ဆောက်ခြင်းနှင့် ယာယီ ပန်းတာ၏ အရှေ့ဘက်ဆင် ခြေလျှောတိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်းတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးပြီးနောက် တာဘောင်ပြုပြင်ရာတွင် လက်ရှိအခြေအနေကိုသာဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင်ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင် ရည်ရှိစေရေးထည့်သွင်းတွက်ချက်ကာ စနစ်တကျပြန် လည်တည်ဆောက်ပြုပြင်ရန်၊ လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများအမြန်ပြီးစီးနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတက တာဘောင်ပြုပြင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။