ရေကြည်–ငါးသိုင်းချောင်း–အသုတ်လမ်းတစ်လျှောက် ရေဘေးသင့် ကျောင်းသားများအတွက် လူမှုကူညီရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းပို့ကျောင်းကြို ဆောင်ရွက်ပေးနေ
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်-ငါးသိုင်းချောင်း-အသုတ် လမ်းတစ်လျှောက် ရေလွှမ်းမိုးမှုကြောင့် ရေလွတ်ရာ ကားလမ်းဘေးသို့ ယာယီရွှေ့ပြောင်း နေထိုင်နေရသော ဒေသခံများနှင့် ရွှေကျောင်းကုန်းကျေးရွာမှ အထက်တန်းကျောင်းသား၊ ကျောင်းသူများ ရေကြည်မြို့ရှိ ကျောင်းများသို့ သွားရောက် ပညာသင်ကြားရာတွင် ရေကျော်များကို ဖြတ်သန်းသွားလာနေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ဆိုင်ကယ်၊ စက်ဘီးများ သွားလာရန် အဆင်မပြေသည့်အပြင် ပို့ဆောင်ရေးအတွက် ထွေလာဂျီယာဉ် ခရီးစရိတ် အသွားအပြန် ကျပ် ၅,၀၀၀ ခန့် ကုန်ကျခြင်း၊ မိုးရွာပါက မိုးကာအကာအကွယ် မရှိခြင်းတို့ကြောင့် ကျောင်းသူ/သားများ ပညာသင်ကြားရေး အခက်တွေ့နေရသဖြင့် ဩဂုတ် ၂၇ ရက်မှစ၍ လူမှုကူညီရေးအဖွဲ့များနှင့် စေတနာရှင်များ ပူးပေါင်းကာ ဘတ်စ်ကားများဖြင့် အခမဲ့ ကျောင်းပို့ကျောင်းကြို ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါ ကြိုပို့ဘတ်စ်ကားသည် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအပြင် ကယ်ဆယ်ရေးအဖွဲ့များ၊ အလှူရှင်များ၊ ဒေသခံများနှင့် တိုင်းအစိုးရအဖွဲ့၏ ပစ္စည်းပို့ဆောင်ရေးများကိုပါ ကူညီပေးနေသည့် ယာဉ်ဖြစ်ပြီး ယခုအခါ ရေဘေးသင့် ကျောင်းသူ/သားများ ပညာသင်ကြားရေးအတွက်ပါ ထပ်မံကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။