ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ အာတိတ်ဒေသကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် သွတ်သွင်းဖို့ ရည်ရွယ်ခြင်းဖြစ်ဟုဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ 'ဂရင်းလန်း(Greenland) အစီအစဉ်' ဟာ တကယ်တမ်းကျတော့ ကျန်နေတဲ့ အာတိတ်ဒေသတစ်ခုလုံးကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်ကို သွတ်သွင်းဖို့ ရည်ရွယ်ခဲ့တာပါလို့ ရုရှားသမ္မတရဲ့ အကြံပေးနဲ့ အရှေ့ပိုင်း စီးပွားရေးဖိုရမ်(EEF)ကျင်းပရေးကော်မတီရဲ့ အလုပ်အမှုဆောင်အတွင်းရေးမှူးဖြစ်သူ အန်တန် ကိုဘာကော့ဗ်(Anton Kobyakov) က TASS သတင်းဌာနကို ပြောကြားပါတယ်။
"အချို့အဆိုအရ EU နဲ့ ဒိန်းမတ်တို့က ဟန့်တားခဲ့တယ်လို့ဆိုပြီး၊ နောက်အဆိုတစ်ခုအရကျတော့ အီရန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို ဖုံးကွယ်ဖို့အတွက် လုပ်ခဲ့တာလို့ ပြောကြတဲ့ ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ တကယ်တော့ ကျန်နေတဲ့ အာတိတ်ဒေသကိုပါ အမေရိကန် လက်အောက်ရောက်ဖို့ ရည်ရွယ်တာပါ။ ဒီအထဲမှာ ဂရင်းလန်းနဲ့ ကနေဒါ ကိစ္စတွေကို ချိတ်ဆက်ပေးမယ့် ကနေဒါမြောက်ပိုင်းက အနောက်မြောက်ရေကြောင်းလမ်း(Northwest Passage) အပြင်၊ မြောက်ပိုင်းပင်လယ်ရေကြောင်းလမ်း(NSR) စတင်ရာ ဘားရန့်စ်ပင်လယ်(Barents Sea) ထဲက ရုရှားပိုင်ရေပြင်အထိ ကျယ်ပြန့်တဲ့ ဥရောပမြောက်ပိုင်းဒေသတွေလည်း ပါဝင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှသာ အမေရိကန်အနေနဲ့ ဗြိတိန်ကို မှီခိုနေရတဲ့ နော်ဝေတွေ အဓိကပါဝင်တဲ့ စကင်ဒီနေဗီးယန်းနိုင်ငံတွေရဲ့ အကူအညီနဲ့တောင်မှ ရုရှားရဲ့ NSR ရေကြောင်းလမ်း စွမ်းဆောင်ရည်ကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
ပစိဖိတ်သမုဒ္ဒရာကနေ မြောက်အတ္တလန္တိတ်ကို ဖြတ်ပြီး ဥရောပကို သွားမယ့်၊ ရုရှားရဲ့ NSR ရေကြောင်းလမ်းကို အစားထိုးနိုင်တဲ့ ဒီစီမံကိန်းဟာ အခုဆိုရင် စင်ပေါ်တင် ဘေးဖယ်ထားခံလိုက်ရပြီဖြစ်လို့ ရုရှားအတွက်တော့ သိသာထင်ရှားတဲ့ ယှဉ်ပြိုင်မှု အားသာချက်တွေ ရယူနိုင်ဖို့ အခွင့်အရေး အပြည့်အဝ ရသွားပြီလို့ ကိုဘာကော့ဗ်က ဆက်လက်ပြောကြားခဲ့ပါတယ်။