သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြို့နှင့် မဒေါက်မြို့တို့၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ
သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြို့နှင့် မဒေါက်မြို့တို့၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
သံလွင်မြစ်ရေသည် လက်ရှိအချိန်၌ ဘားအံမြို့၏ စိုး ရိမ်ရေမှတ်အထက် (၁)ပေ (၁၀)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၃)လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် (၂)ပေ (၉)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့်(၂၄)အတွင်း (၂)လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဘားအံမြို့နယ်နှင့် မဒေါက်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
ထို့အတူ လက်ရှိအချိန်၌ ဘင်္ဂလားပင်လယ်အော်(အနောက်မြောက်ပိုင်း)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး လာမည့် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်တို့သို့ဖြတ်ကျော်နိုင်ကြောင်း သိရသည်။