FIFA U-15 World Cup and Festival အတွက် မြန်မာ ယူ-၁၅ လက်ရွေးစင်အသင်း ပဏာမကစားသမား ၃၂ ဦး စာရင်းထုတ်ပြန်

အဇာဘိုင်ဂျန်နိုင်ငံ၌ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် FIFA U-15 World Cup and Festival ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က မြန်မာ ယူ-၁၅ လက်ရွေးစင်အသင်း၏ ပဏာမကစားသမား ၃၂ ဦး စာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ပဏာမလူစာရင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့သည့် Open Try Out စနစ်ဖြင့် ရွေးချယ်ခံရသူများ အပါအဝင် တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်နှင့် ရန်ကုန်ဇုန် FIFA/MFF U-15 League 2026 တို့မှ ထက်မြက်သည့် လူငယ်ကစားသမားများ ပါဝင်လာကြသည်။
ထို့အပြင် နေပြည်တော် (RTC) မှ ကစားသမားများ၊ MFF Academy Selection Team (YGN) နှင့် MFF Academy Selection Team (MDY) တို့မှ ခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမားများလည်း ပဏာမစာရင်းတွင် ပါဝင်ကြသည်။
ရွေးချယ်ခံရသည့် ပဏာမကစားသမား ၃၂ ဦးသည် စက်တင်ဘာ ၃ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ သတင်းပို့ရမည်ဖြစ်ပြီး အဇာဘိုင်ဂျန်ခရီးစဉ်အတွက် လေ့ကျင့်ရေးစခန်း ဝင်ရောက်ရမည်ဖြစ်သည်။
လေ့ကျင့်ရေးစခန်း ကာလအတွင်း ကစားသမားများ၏ ခြေစွမ်းနှင့် ကြံ့ခိုင်မှုများကို စိစစ်ပြီးမှသာ အဇာဘိုင်ဂျန်သို့ သွားရောက်ယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းကို ထပ်မံရွေးချယ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

image