မြန်မာဘောလုံးပရိသတ်များ၏ အားပေးမှုကို လေးစားတန်ဖိုးထား
မြန်မာဘောလုံးပရိသတ်များ၏ အားပေးမှုကို လေးစားတန်ဖိုးထားသည်ဟု မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းနည်းပြချုပ် Ryuji Sueoka က ယနေ့ သြဂုတ် ၃၀ ရက်တွင်ပြုလုပ်သည့် 2027 AFC U-20 Asian Cup Qualification – Development Phase, Group (K)အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
"မြန်မာဘောလုံးပရိသတ်တွေရဲ့ အားပေးမှုကို လေးစားတန်ဖိုးထားပြီး လာမယ့်ပွဲတွေမှာလာရောက်အားပေးကြဖို့ဖိတ်ခေါ်လိုပါတယ်။ အသင်းရဲ့မျှော်မှန်းချက်က ဒီအဆင့်ကိုအောင်မြင်ဖို့ဖြစ်ပြီး တစ်ပွဲချင်းကိုအာရုံစိုက်ဖြတ်ကျော်သွားမှာပါ"ဟု နည်းပြချုပ် Ryuji Sueoka ကပြောသည်။
ထို့ပြင် လွန်ခဲ့သည့် (၂)နှစ်တာကာလအတွင်း အသင်းသည်အတွေ့အကြုံများစွာရရှိခဲ့ပြီး ကစားသမားများလည်း သိသိသာသာတိုးတက်လာ၍ လာမည့် သီရိလင်္ကာအသင်းနှင့် ပွဲအတွက်အကောင်းဆုံးပြင်ဆင်ထားကာ အဆင်သင့်ဖြစ်နေပြီဟုလည်း ပြောကြားခဲ့သည်။
ထို့အတူ မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းခေါင်းဆောင် သက်ပိုင်စိုးကလည်း"နည်းပြရဲ့ ညွှန်ကြားချက်တွေအတိုင်းအပြည့်အဝလိုက်နာသွားမှာပါ။ တစ်သင်းလုံး ပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်နေပါပြီ"ဟု ပြောကြားခဲ့သည်။