ယခုနှစ်တွင် ဆီထွက်သီးနှံ ဧက ၉ ဒသမ ၄ သန်းကျော် စိုက်ပျိုးရန် လျာထားပြီး နှမ်းစိုက်ဧရိယာ အများဆုံးဖြစ်

နေပြည်တော်၊ ဩဂုတ် ၂၉

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တွင် မြေပဲ၊ နှမ်း၊ နေကြာ အပါအဝင် ဆီထွက်သီးနှံများ စုစုပေါင်း ဧက ၉ ဒသမ ၄ သန်းကျော် စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆီထွက်သီးနှံ ဧက ၉ သန်းခန့် စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် တိုးမြှင့်စိုက်ပျိုးရန် လျာထားခြင်းဖြစ်ပြီး လက်ရှိ မိုးရာသီ၌ စုစုပေါင်း ဧက ၄ သန်းကျော် စိုက်ပျိုးပြီးစီးနေပြီ ဖြစ်သည်။

မိုးရာသီ စိုက်ပျိုးပြီးစီးမှုနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးပညာပေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်ဇာကျော်က "လက်ရှိ မိုးရာသီမှာ ဆီထွက်သီးနှံ စုစုပေါင်း ဧက ၄ သန်းကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ နှမ်းကို ဧက ၂ ဒသမ ၆ သန်းနဲ့ အများဆုံး စိုက်ပျိုးထားပြီး မြေပဲကို ဧက ၁ ဒသမ ၃ သန်း၊ နေကြာကို ၈၈,၅၀၇ ဧက စိုက်ပျိုးထားပါတယ်" ဟု ပြောကြားသည်။

မိုးရာသီ သီးနှံစိုက်ပျိုးမှုတွင် မိုးနှမ်းကို ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍ ကျန်တိုင်းဒေသကြီး/ပြည်နယ်များ၌ အများဆုံး စိုက်ပျိုးကြပြီး၊ မိုးမြေပဲကို ရခိုင်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းတို့မှအပ ကျန်ဒေသများတွင်လည်းကောင်း၊ မိုးနေကြာကို နေပြည်တော်၊ ကချင်၊ ချင်း၊ ရှမ်း၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့၌လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။

ဆီထွက်သီးနှံများအနက် နှမ်းစိုက်ဧရိယာသည် အမြင့်ဆုံးဖြစ်သဖြင့် တစ်ဧက နှမ်းအထွက်နှုန်းမြင့်မားရေး ဉီးစားပေးဆောင်ရွက်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးတွင် မိုးနှမ်းရာသီမှစ၍ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပညာရှင်များ ပါဝင်သည့် "နှမ်းအထွက်နှုန်းတိုးတက်ရေး သုတေသနအဖွဲ့" က တောင်သူများ၏ စိုက်ခင်းများအထိ ကွင်းဆင်း၍ နည်းစနစ်ဆိုင်ရာ သုတေသနများ လက်တွေ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image