အယ်လ်ဗာရက်ဇ်ကို ဘာစီလိုနာအသင်းဆီ လုံးဝရောင်းထုတ်မှာမဟုတ်ဘူးလို့ အက်သလက်တီကိုအမှုဆောင်ချုပ် အခိုင်အမာပြောကြား
အက်သလက်တီကိုအသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဂီးလ်မာရင်က တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ ဘာစီလိုနာအသင်းဆီ လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က အက်သလက်တီကိုအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
ဘာစီလိုနာအသင်းကလည်း ယူရိုသန်း(၁၀၀)နဲ့ စတင်ကမ်းလှမ်းခဲ့ပြီး ငြင်းပယ်ခံခဲ့ရပေမဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။
ဂီးလ်မာရင်ကတော့ အယ်လ်ဗာရက်ဇ် အသင်းက ထွက်ခွာချင်ရင် ရောင်းချဖို့ လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ ဘာစီလိုနာအသင်းဆီ လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း ထပ်မံအတည်ပြုခဲ့တာပါ။
''ကျွန်တော့်ရဲ့ သဘောထားကတော့ အယ်လ်ဗာရက်ဇ်ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူက ထွက်ခွာချင်တယ်ဆိုရင်တော့ တခြားနည်းလမ်းကို ကျွန်တော်တို့ ရှာဖွေသွားမှာပါ။ ဒါပေမဲ့ ဘာစီလိုနာအသင်းကိုတော့ လုံးဝရောင်းထုတ်မှာမဟုတ်ပါဘူး။ ကျွန်တော် အက်သလက်တီကိုအသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်နေသရွေ့ အယ်လ်ဗာရက်ဇ် ဘာစီလိုနာကို ပြောင်းရွှေ့ရမှာမဟုတ်ပါဘူး။ ဒါကို လုံးဝအာမခံနိုင်ပါတယ်'' လို့ ဂီးလ်မာရင်က ပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုအသင်းက အယ်လ်ဗာရက်ဇ်ကို အာဆင်နယ်အသင်းဆီ ရောင်းထုတ်ဖို့ ယူရိုသန်း(၁၃၀)နဲ့ သဘောတူညီမှုရရှိထားပြီဖြစ်ပြီး အယ်လ်ဗာရက်ဇ်သာ လက်ခံခဲ့ရင် အပြောင်းအရွှေ့ဖြစ်မြောက်တော့မှာဖြစ်ကြောင်း ဖော်ပြမှုတွေလည်း ရှိနေပါတယ်။