တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု အရှိန်အဟုန်ဖြင့် ဆက်လက်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ ပြည်ပတင်ပို့သည့် ပို့ကုန်များအနက် ပြောင်း (Yellow Maize) တင်ပို့မှုသည် အဓိက အမယ်တစ်ခုအဖြစ် ပါဝင်လျက်ရှိပြီး ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေး အရှိန်အဟုန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့မှ ထွက်ရှိသော ပြောင်းများကို ဝယ်ယူစုဆောင်းကာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Form D) အကျိုးခံစားခွင့်ရယူ၍ ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာ ယခုနှစ် ဖေဖော်ဝါရီလမှစ၍ အရှိန်အဟုန်ဖြင့် တင်ပို့နိုင်ခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ပြောင်းတင်သွင်းခွင့် အခွန်ကင်းလွှတ်ခွင့် ကာလကို (၂) လ သက်တမ်းတိုးမြှင့်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း ထိုင်းဘက်ခြမ်းရှိ တိရစ္ဆာန်အစာ ကြိတ်ခွဲစက်ရုံများ လည်ပတ်မှု ရက်သတ္တပတ်အချို့ ရပ်ဆိုင်းခဲ့ခြင်းနှင့် ဂိုဒေါင်များတွင် ပြောင်း ကုန်စည်များ ပြည့်နေခြင်းတို့ကြောင့် ပြောင်းအဝယ် အေးသွားခဲ့သည်။ ထို့ကြောင့် ပြောင်းဈေးနှုန်းမှာ ယခင်လက တစ်တန်လျှင် ထိုင်းဘတ် ၁၁,၃၀၀ ရှိခဲ့ရာမှ ဇူလိုင်လအတွင်း ဘတ် ၁၀,၀၀၀ သို့ ကျဆင်းခဲ့ကြောင်း သိရသည်။
တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ပြောင်းတင်ပို့မှုအနေဖြင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၉၂,၆၅၃ တန်၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၅၇,၆၄၄ တန်၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၂၇,၀၀၄ တန်နှင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၇,၉၀၉ တန်အထိ တင်ပို့နိုင်ခဲ့ကာ ယခုပြောင်းရာသီ (ဇူလိုင်လ ၁၀ ရက်နေ့အထိ) ၌ တန်ချိန် ၁၀၄,၁၆၈ တန် တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

image