1 ပတ် - ဘာသာပြန်ပါ။

ကျား-မ အခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် UNOPS လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်မည်

အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း ထောက်ပံ့ရေးလုပ်ငန်းများနှင့် ကျား-မ အခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) တို့ လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင် နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Mr. Peter John Cross ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးစဉ် Mr. Peter John Cross က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ စွမ်းပကားမြှင့်တင်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) အကောင်အထည်ဖော်ရေးနှင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့အပြင် ကျေးလက်နေ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်နေမှုများအပြင် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးများအဆင့် အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံအမျိုးသမီး ကော်မတီ၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်တို့တွင် Focal Point အဖြစ် ဆောင်ရွက်နေမှုများကိုပါ အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်ဘက်ကိုယ်စားလှယ်များသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို သဘောတူညီခဲ့ကြသည်။

image