M League-2 ပြိုင်ပွဲအတွက် အသင်း ၆ သင်းသာ သေချာသေးပြီး ကျန်နှစ်သင်းအတွက် ဆွေးနွေးနေ
ယခု ၂၀၂၆- ၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲအတွက် အသင်း ၆ သင်းသာ သေချာသေးပြီး ကျန်နှစ်သင်းအတွက် ဆွေးနွေးနေလျက်ရှိကြောင်း M League CEO ဦးကိုကိုသိန်းက အတည်ပြုပြောကြားပါတယ်။
ဦးကိုကိုသိန်းက "ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲတုန်းကတော့ ကျွန်တော်တို့ အသင်း ၈ သင်းနဲ့ ကျင်ပခဲ့ပါတယ်။ ဒီရာသီ M League-2 ပြိုင်ပွဲအတွက်က လက်ရှိမှာ Confirm ဖြစ်တာ ၆ သင်းပဲ ရှိပါသေးတယ်။ နောက်ထပ် အသင်းနှစ်သင်းကလည်း Confirm ဖြစ်နေပါပြီ။ ကျွန်တော်တို့ အနည်းဆုံး ၈ သင်း လောက်နဲ့တော့ ကျင်းပသွားဖို့ လျာထားပါတယ်" ဆိုပြီး ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲအပြီးတွင် အဆင့် (၁၁၊ ၁၂) ရ ရခိုင်ယူနိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်းနှစ်သင်းမှာ MNL-2 သို့ တန်းဆင်းခဲ့ပါတယ်။
MNL-2 မှ ပထမ၊ ဒုတိယရ ချင်းလန့်နဲ့ မြဝတီအသင်းတို့မှာ MNL သို့ တန်းတက်ခဲ့ပါတယ်။
သို့သော် MNL အဆင့်(၁၀) ရ ဒဂုံပေါ့သ်အသင်းမှာ ဖျက်သိမ်းသွားသောကြောင့် MNL တန်းဆင်း နှစ်သင်းနဲ့ MNL-2 အဆင့် (၃၊ ၄) ရ အသင်းနှစ်သင်း၊ ပေါင်းလေးသင်းကို Play-off ကစားစေသော်လည်း ရန်ကုန်စီးတီးမှလွဲပြီး ကျန်အသင်းသုံးသင်းက ကစားရန်ဆန္ဒမရှိသောကြောင့် ရန်ကုန်စီးတီးအသင်း MNL သို့ တန်းတက်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။